အခြေခံဥပဒေ ပြင်ဆင်လိုစိတ်ရှိ၊ မရှိ ဖွင့်ဟပြောဆိုဖို့ ဒေါ်အောင် ဆန်းစုကြည် တိုက်တွန်း

0:00 / 0:00

၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ချင်ဘူးဆိုရင် ဘာကြောင့် မပြင်ချင်သလဲဆိုတာကို ပြည်သူတွေထံ ရှင်းရှင်းလင်းလင်း ချပြရမှာဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင် ဘောလုံးကွင်း မှာ ထောင်ဂဏန်းရှိမယ့် ပရိတ်သတ်ကို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောစဉ် အခုလို ထည့်သွင်းပြောခဲ့တာပါ။

"ကျမတို့အတွက် စကားပြောသွားတဲ့ အဲလူ ၃ ယောက်စလုံးဟာ ပြည်သူတွေကနေ ပြီးတော့ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်၊ ကျမက စိန်ခေါ်ရဲပါတယ်၊ ကျမတို့ဟာ ပြည်သူလူထုရှေ့မှာတက်ပြီးတော့ ဘာကြောင့် ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်သင့်လဲ၊ ဘယ်လိုကိစ္စတွေကို ပြင်ချင်သလဲဆိုတာကို ကျမပြောရဲတယ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်အားလုံးဟာ ကျမတို့နည်း တူ ပြည်သူလူထုရှေ့ထွက်ပြီးတော့ မပြင်ချင်လဲ ဘာလို့မပြင်ချင်ဘူးလဲဆိုတာ ပြောရဲ သလားလို့ ကျမမေးချင်ပါတယ်"

ဒါ့အပြင် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မိမိတို့ရွေးချယ်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ချင်ဘူးဆိုရင် ဘာကြောင့် မပြင်ချင်တာလည်းဆိုတာ မေးမြန်းခွင့်ရှိကြောင်း တက်ရောက်လာတဲ့ ကရင်တိုင်းရင်းသားတွေနဲ့ ဒေသခံတွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စမှာ ပြတ်ပြတ်သားသား ရပ်တည်စေလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

လွှတ်တော်ကဖွဲ့စည်းထားတဲ့ အဖွဲ့ဝင် ၁၀၉ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီက လက်ခံရရှိထားတဲ့ အကြံပြုချက်တွေကို ဒီလကုန်မှာ လွှတ်တော်ထံတင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင် ဘောလုံးကွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေကို RFA သတင်းထောက် မဇင်မာဝင်း ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။