ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ကျန်အယူခံအမှုအားလုံး ဒီဇင်ဘာလထဲ ကြားနာမည်

RFA Burmese
2023.11.30
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ကျန်အယူခံအမှုအားလုံး ဒီဇင်ဘာလထဲ ကြားနာမည် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် တွေ့ရစဉ်။
RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထောင်ချထားတဲ့အမှု ၁၉ မှုထဲက အထူးအယူခံ တက်ထားတဲ့ လက်ကျန်အမှုအားလုံး လာမယ့် ဒီဇင်ဘာလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ကြားနာဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

မပြီးပြတ်သေးတဲ့ အထူးအယူခံအမှု ရှစ်မှုအထိ ကြားနာဖို့ရှိနေတာဖြစ်ပြီး ကျန်အမှုတွေကတော့ အထူးအယူခံအဆင့်ထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချထားတာပါ။

ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံကနေ ဒေါ်အောင်ဆန်းစုကြည်က ရွှေနဲ့ ဒေါ်လာတွေ လက်ခံရယူတယ်ဆိုတဲ့ အဂတိအမှု အထူးအယူခံကို နှစ်ဖက်ကြားနာဖို့ ရှိနေပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ NLD အစိုးရလက်ထက် ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုတွေနဲ့ သက်ဆိုင်တဲ့ အဂတိအမှု ငါးမှု၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) အမှုနဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ- ၃ (၁) (ဂ) အမှုတို့အတွက် အထူးအယူခံ လက်ခံ သင့်၊ မသင့် ကြားနာဖို့ ရှိနေတာပါ။

ဒီအယူခံအမှုတွေအတွက် အမှုသည်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဆုံခွင့်ပေးဖို့ သူ့ရဲ့ ရှေ့နေအဖွဲ့က နေပြည်တော် အကျဉ်းဦးစီးဌာနနဲ့ စစ်ကောင်စီ ပြည်ထဲရေး ဝန်ကြီးဌာနတွေကို စာနဲ့ တရားဝင်တောင်းဆိုထားပေမယ့် အကြောင်းပြန်လာတာမရှိသေးဘူးလို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

တောင်ငူအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကတော့ အောက်တိုဘာလကုန်ပိုင်း မှာ ဇနီးဖြစ်သူ ဒေါ်ချိုချိုက လူချင်းတွေ့ခွင့်ရခဲ့ကြောင်း မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောထားပါတယ်။

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက စွပ်စွဲတဲ့ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ကျခံနေရချိန် ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်မှာ အမှုငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့် ရခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။