သိမ်းဆည်းလယ်ယာမြေတွေ မူလပိုင်ရှင်ထံ အမြန်ဆုံးပြန်ပေးဖို့ ဆောင်ရွက်နေ
2019.04.04

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထပ်မှာ သိမ်းဆည်းခံရတဲ့လယ်ယာမြေတွေကို မူလပိုင်ရှင်တွေထံ လွှတ်တော်ဆုံးဖြတ်ချက်နဲ့ အမြန်ဆုံးပြန်ပေးဖို့ ဆောင်ရွက်နေတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မော်လမြိုင်မြို့ကို သွားရောက်ခဲ့ပြီး ပြည်သူတွေ နဲ့တွေဆုံရာမှာ အခုလိုပြောကြားခဲ့တာပါ။
ဒီလိုဆောင်ရွက်ရာမှာ အခက်အခဲတွေရှိတယ်လို့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောပါတယ်။
“ပထမအခက်အခဲတစ်ခုက ပထမသိမ်းထားတဲ့ပုဂ္ဂိုလ်တွေက ပြန်ပြီးတော့ မစွန့်ချင်တဲ့အခက်အခဲ၊ ဒုတိယ တစ်ခုက သိမ်းထားတဲ့သူက ပြန်စွန့်ဖို့ကအသင့်ဖြစ်နေပြီ ဒါပေမဲ့ အုပ်ချုပ်ရေးဆိုင်ရာရဲ့အခက်အခဲကြောင့် မြန်မြန်ဆန်ဆန် အကောင်ထည်မဖော်နိုင်တာ၊ တတိယအချက်က သူပိုင်ဆိုင်တယ် ငါပိုင်ဆိုင်တယ် အဲဒီလို တစ်ယောက်နဲ့တစ်ယောက် ပိုင်ဆိုင်ခွင့် အငြင်းပွားနေတာ၊ စတုတ္ထအခက်အခဲကတော့ ကျမအမြင်မှာ အဆိုးဆုံးအခက်အခဲလိုမြင်ပါတယ်၊ အဲတာက ပိုင်ဆိုင်မှုမရှိမှန်းသိရက်သားနဲ့ ရလိုရငြားတောင်းတာပါ၊ ကျမအမှန်အတိုင်းပြောတာပါ အဲတာမဖြစ်သင့်ပါဘူး၊ အဲလိုမျိုးမလုပ်ကြပါနဲ့”
နိုင်ငံအနှံသွားရောက်ရာမှာ သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ပညာရေး၊ ကျန်းမာရေးနဲ့ လယ်ယာမြေပြဿနာ စတဲ့ ပြဿနာ ၆ခုကိုပဲ နေရာတိုင်းမှာ တူညီစွာတွေ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နိုင်ငံတစ်ခုမှာ ဆင်းရဲချမ်းသာကွာဟမှုများရင် တည်ငြိမ်အေးချမ်းမှုနည်းလေ့ရှိတာကြောင့် နိုင်ငံတခုလုံး ဆင်းရဲချမ်းသာ ကွာဟမှုနည်းအောင် ဆောင်ရွက်နေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
တိုင်းနဲ့ပြည်နယ်တွေမှာ ချမ်းသာကြွယ်ဝမှုတွေ၊ တိုးတက်တာတွေ မတူညီကြောင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု ကိုဆောင်ရွက်ရာမှာ စီပွားရေးအရမဟုတ်ဘဲ နိုင်ငံရေးအရပါ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
“ကျမတို့နိုင်ငံက ပြည်ထောင်စုစိတ်ဓာတ်နဲ့ လုပ်ရမယ်ဆိုလို့ရှိရင် တိုးတက်မှုတွေနဲ့ ပတ်သက်လို့ တွက်တဲ့အခါမှာ ကျမတို့က စီးပွားရေးအတွက်ချည်း တွက်လို့မရပါဘူး နိုင်ငံရေးအတွက်လည်း တွက်ရပါတယ်၊ ကျမတို့ပြည်သူ လူထုတွေရဲ့ စိတ်ဓာတ်ရေးရာကိုလည်း ကျမတို့ကဆင်ခြင်ပြီးတော့ ဆောင်ရွက်ရပါတယ်၊ တချို့ပည်နယ်တွေ တိုင်းတွေမှာလို့ရှိရင် စီးပွားရေးအရ အကျိုးအမြတ်မရှိပေမယ့် လူမှုရေးအရ ပိုမိုပြီးတော့ အထောက်အကူပြုပေးဖို့ လိုလို့ ပိုပြီးပေးပါတယ်”
ဒီသွားရောက်တဲ့ လမ်းခရီးစဉ်တစ်ခုမှာ ပြည်သူတစ်ဦးက ထမင်းငတ်နေပြီလို့ ပြောကြားခဲ့တာကို ဒေါ်အောင်ဆန်း စုကြည်က တွေ့မြင်ခဲ့ရကြောင်းနဲ့ ပြည်သူတစ်ဦး အခုလိုထမင်းငတ်တာကို သူ့အနေနဲ့ စိတ်မကောင်းကြောင်းနဲ့ ဒီလိုဖြစ်နေတာဟာ တိုင်းပြည်ဖွံံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးမှုမရှိတာကို ပြသတာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
လက်ရှိနိုင်ငံမှာ အကြမ်းဖျင်းအားဖြင် ဆင်းရဲမွဲတေမှုဟာ ၂၀ရာခိုင်နှုန်းကျော်ရှိနေပြီး ကျေးလက်ဒေသတွေမှာ ဆင်းရဲမွဲတေမှု အများဆုံးဖြစ်နေကြောင်း၊ မြို့နေလူတန်းစားတွေမှာ ဆင်းရဲမွဲတေမှု ၉ ရာခိုင်နှုန်းသာရှိတာကြောင့် မြို့ပြနဲ့ နယ်တွေမှာ တန်းတူဖွံ့ဖြိုးတိုးတတ်ဖို့ လိုအပ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီမိန့်ခွန်းတွေပြောကြားအပြီး ပြည်သူတွေ မေးမြန်းဖို့ခွင့်ပြုချိန်မှာတော့ မော်လမြိုင်စက်မှုဇုန်က ဒေသခံတစ်ဦးက သူတို့စက်မှုဇုန်မှာရှိတဲ့ ခနောက်စိမ်းစက်ရုံတွေက အနံ့ဆိုးထွက်တာတွေကို ပြည်နယ်အစိုးရအဖွဲ့က အရေးယူမှုမရှိတာနဲ့ ပတ်သက်ပြီး အခုလိုမေးမြန်းခဲ့ပါတယ်။
“အနံဆိုးတွေထွက်တယ် ရပ်ကွက်နေပြည်သူတွေရဲ့ အိမ်တွေကိုအကုန်ကျပါတယ်၊ ကျတဲ့အချိန်ကျ ကျနော်တို့ကတင်ပြတယ် အဆင်ဆင်ပြေတယ် ပြောတဲ့အခါကျတော့ မရဘူး၊ နိုင်ငံတော်သမ္မတထိ အဆင့်ဆင့်တိုင်တယ်၊ ဒီကသဘာဝပတ်ဝန်းကျင်ဝန်ကြီးတို့ စက်မှုဝန်ကြီးတို့က ပြည်ထောင်စုကိုပဲ ခေါင်းရှောင်နေကြတယ်”
ဒီမေးမြန်းချက်နဲ့ ပတ်သက်ပြီး ဝန်ကြီးဖြေကြားတာကို ဒေါ်အောင်ဆန်းစုကြည်က သဘောမကျတာကြောင့် ညွှန်ကြားချက် အတိအကျထုတ်ပြီး မလိုက်နာရင် အရေးယူဖို့ အခုလိုပြောကြားခဲ့ပါတယ်။
“မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တာဝန်ရှိတဲ့သူတွေကို ဘယ်ချိန်ဘယ်ကာလကနေ စပြီးတော့ ညွှန်ကြားချက်တွေကို အကောင်ထည်ဖော်ရမယ်ဆိုတာ သေသေချာချာ သတ်သတ်မှတ်မှတ်ပြောလိုက်ပါ၊ ပြောလိုက်တဲ့အတိုင်း မလုပ်ဘူးဆိုရင် လိုအပ်သလို အရေးယူလိုက်ပါ”
ပေါင်မြို့နယ် ဥတ္တားကျေးရွာသား ဦးမြင့်အောင်ကလည်း သူတို့ကျေးရွာမှာရှိတဲ့ ကျောက်မိုင်းကြောင့် လယ်တွေဥယျာဉ်တွေ ပျက်စီးနေကြောင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုဖွဲ့ပြီး ကျောက်မိုင်းကို ပိတ်သိမ်းတဲ့အထိ အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ကျောက်မိုင်းကို ကွင်းဆင်းလေ့လာဖို့ အဖွဲ့တစ်ခုဖွဲ့ဖို့ ညွှန်ကြားခဲ့ပါတယ်။
“ကျမတို့ သယံဇာတဝန်ကြီးနဲ့ တိုင်ပင်ပြီးတော့ ကွင်းဆင်းပြီးတော့လေ့လာဖို့ အဖွဲ့လေးတစ်ခုဖွဲ့တယ်ဆိုတာ ဝန်မလေးပါဘူး၊ အဲလိုဖွဲ့ပြီးတော့ ကျမတို့လေ့လာခိုင်းပါမယ်၊ နှစ်ဦးနှစ်ဖက်လုံးက ယုံကြည်စိတ်ချရတဲ့သူတွေနဲ့ အဖွဲ့ဖွဲ့ပြီး စီစစ်ပြီးတဲ့အခါကြတော့ ဒီဟာကိုဆောင်ရွက်လိုက်ပါမယ်”
ဒီနေ့မော်လမြိုင် လူထုတွေ့ဆုံပွဲမှာ ကြိုတင်ပေးထားတဲ့ မေးခွန်း ၁၀ ခုကျော်နဲ့ လူ ၇ယောက်သာ မေးခွန်းမေးခွင့်ပေးခဲ့ပြီး မေးခွင့်မရတဲ့သူတွေအများကြီးက မေးခွင့်ပေးဖို့ တောင်းဆိုတာတွေရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အချိန်မရတာကြောင့် အခုလိုလူအနည်းငယ်ကိုပဲ မေးခွင့်ပြုတာဖြစ်ကြောင်းနဲ့ တိုင်စာတွေကိုလည်း စနစ်တကျဖတ်ကြားကာ သက်ဆိုင်ရာဌာနတွေကို ဆောင်ရွက်ဖို့ ညွှန်ကြားထားတာကြောင့် တိုင်စာဌာနကို တိုင်ကြားဖို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
NLDအစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေနှေးကွေးတာ၊ အစိုးရအဖွဲ့ဝင်တွေက အရပ်ဖက်ပြည်သူတွေနဲ့ ပိုကင်းကွာလာတာ၊ အဂတိလိုက်စားမှုတွေနဲ့ စီးပွားရေးကျဆင်းလာတာတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေလည်း အများကြီးရှိပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။