၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တစ်ချိန်လုံး ကြိုးစားနေကြောင်း၊ ဆောင်ရွက်သမျှကို ပြည်သူကို ချပြမှာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ချင်းပြည်နယ်ကို မနေ့က ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဟားခါးမြို့မှာ လူထုနဲ့ တေ့ွဆုံစဉ် ပွဲတက်ရောက်လာသူတစ်ဦးက ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆောင်ရွက်နေတဲ့အခြေအနေကို မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဒီမိုကရေစီအစိုးရဆိုတာ ပုန်းလျှိုးကွယ်လျှိုး လုပ်ဆောင်မှာမဟုတ်ဘူးလို့လည်း ထည့်သွင်းဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ပြည်သူတွေကို ချပြတဲ့အခါ ဝိုင်းဝန်းထောက်ခံပေးကြဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အမြန်ထူထောင်နိုင်ဖို့အတွက် ပြည်သူတွေ ဝိုင်းဝန်းကူညီကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ရွေးချယ်ခန့်အပ်တာနဲ့ ပတ်သက်လို့လည်း ပြင်ဆင်ဖို့အတွက် မနေ့က ထန်တလန်မြို့က လူထုတေ့ွဆုံပွဲမှာ တက်ရောက်လာသူတစ်ဦးက မေးမြန်းခဲ့ပါတယ်။
သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် လွှတ်တော်မှာ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးချယ်တဲ့စနစ်မျိုးဖြစ်အောင် ပြင်ဆင်ပေးဖို့ အခြေအနေ ရှိမလားလို့ မေးမြန်းရာမှာ အဲဒီတာဝန်ဟာ လွှတ်တော်အလုပ်ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။