အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးမကောင်းလို့ နေပြည်တော်က ဒီနေ့ တရားရုံးချိန်းကို မလာနိုင်ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ခေါင်းမူးတာနဲ့ အော့အန်ချင်တာမျိုးဖြစ်လို့ ဆရာဝန်ရဲ့ အကြံပြုချက်အရ ဒီနေ့တရားရုံးချိန်းကို မလာနိုင်တာလို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ စစ်ဆေးဖို့ရှိနေတဲ့ စီးပွားရေးအကြံပေး မစ္စတာ ရှောင်တားနဲလ်ရဲ့ အမှုဖြစ်တဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ (၁) (ဂ) အမှုမှာ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်တို့နဲ့အတူ ပူးတွဲ စွဲဆိုခံထားရတာဖြစ်ပါတယ်။
ဒီအမှုမှာပါတဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းနဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့ဟာလည်း ကျန်းမာရေးမကောင်းလို့ နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံကြီးမှာ ဆေးကုသမှုခံနေရတာကြောင့် ဒီနေ့ရုံးချိန်းကို ရောက်မလာနိုင်ပါဘူး။
ဒါကြောင့် ဒီနေ့ရုံးချိန်းမှာ အမှုကို မစစ်ဆေးနိုင်ဘဲ နောက်တစ်ပတ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
အသက် ၇၆ နှစ်ရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်း ပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေ ပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၇ ခုနဲ့ တရားစွဲခံထားရတာပါ။
အဲဒီထဲက အမှု ငါးမှုအတွက် ထောင်ခြောက်နှစ် ချမှတ်ခံထားရပါတယ်။