ဝ အဖွဲ့ကို NCA မှာ လက်မှတ်ရေးထိုးဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

2019-04-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လဝကဝန်ကြီး ဦးသိန်းဆွေ၊ UWSP အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူချန်းနဲ့ တရုတ်နိုင်ငံက အရှေ့တောင်အာရှ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်း တို့ကို ပန်ဆန်းမြို့မှာ ၂၀၁၉ ဧပြီ ၁၇ ရက်နေ့ကကျင်းပတဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားမှာတွေ့ရစဉ်
လဝကဝန်ကြီး ဦးသိန်းဆွေ၊ UWSP အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူချန်းနဲ့ တရုတ်နိုင်ငံက အရှေ့တောင်အာရှ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်း တို့ကို ပန်ဆန်းမြို့မှာ ၂၀၁၉ ဧပြီ ၁၇ ရက်နေ့ကကျင်းပတဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားမှာတွေ့ရစဉ်
Photo: Thiha Tun/RFA

ဝ တိုင်းရင်းသားတွေအနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူတဲ့အဆင့်ကနေ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်တဲ့အဆင့် တက်လှမ်းဖို့ NCA လက်မှတ်မှာ ပါဝင်ရေးထိုးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ဝ အထူးဒေသ ၂ နှစ် ငြိမ်းချမ်းရေးတည်ဆောက်မှုနှစ် ၃၀ပြည့်အခမ်းအနားကို အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့သဝဏ်လွှာမှာ NCA လက်မှတ်ရေးထိုး ဖို့ အခုလိုတိုက်တွန်းထားတာ ဖြစ်ပါတယ်။

ဒီလို့ဖိတ်ခေါ်တာဟာ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ခြေလှမ်းပေမယ့် တကယ်လက်တွေကျမှာ ဗဟိုချုပ်ကိုင် မှုလျော့ချတာတွေ လုပ်ဖို့လိုတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးမြအေး က အခုလိုသုံးသပ်ပါတယ်။

တန်းတူညီမျှ အခွင့်အရေးတွေမရှိရင် စစ်ဆိုတာဖြစ်နေမှာပဲလေ၊ လက်နက်ကိုင်ဆိုတာရှိနေမှာပဲ၊ တန်းတူညီမျှရှိနိုင်တဲ့ အခြေအနေတစ်ရပ် ဘယ်လိုဖန်တီးမလဲ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဘယ်လို့ တည်ဆောက်မလဲ ဒီမိုကရေစီရှင်သန်အောင် ဘယ်လို့လုပ်မလဲ ဒါကလက်တွေ့ကျအောင်လုပ်ဖို့လိုတယ်၊ ဖိတ်ခေါ်ခြင်းသည်ကောင်းပါတယ်၊ သို့သော် တင်းထားတဲ့ဆုပ်ထားတဲ့ လက်သီးဆုပ်တွေကို ဖြေလျော့ဖို့လိုပြီ တိတိကျကျပြောရရင် ဗဟိုချုပ်ကိုင်မှုတွေရှိတာကို ဖြေလျော့ဖို့လိုပြီလိုမြင်တယ် ဒါပါဘဲ

လက်ရှိ ဝဒေသဟာ NCA ထက်မြင့်တဲ့ အခြေအနေတခုမှာရှိနေပြီး အစိုးရအနေနဲ့ NCA တစ်ခုတည်းကိုပဲ ဆုပ်ကိုင် မထားဘဲ တိုင်းရင်းသားတွေလက်ခံတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ အခြားနည်းလမ်းတွေကိုပါ စဉ်းစားသင့်တယ်လို့ ဦးမြအေး ကပြောပါတယ်။

ဒီသဝဏ်လွှာကို ဖတ်ကြည့်ချင်းအားဖြင့်  အစိုးရသွားလိုတဲ့လမ်းကြောင်းနဲ့ ဝအဖွဲ့ရဲ့ လမ်းကြောင်းဟာ နှစ်ဖက်လွန်ဆွဲနေတဲ့သဘောဖြစ်နေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသီဟသွေး က အခုလို သူ့အမြင်ကိုပြောပါတယ်။

ဝ တပ်ဖွဲ့က သူတို့တပ်အင်အားကော သူတို့ဖွံ့ဖြိုးတိုးတက်မှုကော ပြပြီးတော့ သူတို့အဆင့်တစ်ခုရှိတယ်၊ ပြည်နယ်အဆင့်တစ်ခုကို ရောက်ဖို့ရှိတယ်ဆိုတာကို အသိအမှတ်ပြုဖို့ ဇောင်းပေးပြီးလုပ်တဲ့သဘောရှိတာပေါ့၊ ငြိမ်းချမ်းရေးကို သူလမ်းနဲ့ သူသွားချင်တဲ့သဘောပေါ့၊ အဲဒါကို NCA လမ်းကြောင်းထဲပဲ သွင်းချင်တဲ့သဘောကို ဒီအထဲမှာ ထင်ထင်ရှားရှားတွေ့ရတယ်၊ ဘယ်လို့ဘဲဖြစ်ဖြစ် သဝဏ်လွှာကို လေ့လာကြည်တဲ့အခါမှာ နှစ်ဘက်လွန်ဆွဲနေတဲ့သဘောကို မြင်နေရတုန်းပဲဗျ

UWSA ဝအဖွဲ့ဟာ ငြိမ်းချမ်းရေးနှစ် ၃၀ပြည့်အခမ်းအနားမှာ အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံတကာသံတမန်တွေကို ခေါ်ယူပြီး ပြည်နယ်အဆင့်ရှိတယ်ဆိုတာကို ခေါ်ယူပြသသလိုဖြစ်နေတယ်လို့လည်း ဦးသီဟသွေး က သုံးသပ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သဝဏ်လွှာမှာ NCA ဟာ ဝ အပါအဝင် အခြားတိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိရေးစတဲ့ အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းရာမှာ ဖြတ်သန်းရမည့် တံခါးပေါက်တခုသာဖြစ်ပြီး လမ်းဆုံးပန်းတိုင် မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။

NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာလည်း NCA မှာမပါဝင်တဲ့ကိစ္စရပ်တွေရှိပါက တိုင်းရင်းသားလက်နက် ကိုင်တွေအနေနဲ့ အစိုးရနဲ့ညှိနှိုင်းဆောင်ရွက်လိုရကြောင်းလည်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။

လက်ရှိဝဒေသဟာ ကွန်ဖက်ဒရေးရှင်းခေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အပြည့်အဝရနေတဲ့ တိုင်းရင်းလက်နက်ကိုင် အဖွဲ့လည်းဖြစ်ပါတယ်။

ဒါကြောင့် ဗဟိုအစိုးရအုပ်ချုပ်မှုအောက်ကနေ သွားရမယ့်လမ်းကြောင်းဖြစ်တဲ့  NCA လမ်းကြောင်းကို လက်ခံမှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူ အငြိမ်းစားတပ်မတော်သားဟောင်း ဒေါက်တာအောင်မျိုးက သူအမြင်ကို အခုလိုသုံးသပ်ပါတယ်။

NCAကို သူလက်မခံပါဘူး NCA ကိုလက်ခံတယ်ဆိုရင် တဖြည်းဖြည်းနဲ့ အုပ်ချုပ်မှုစနစ်က တိုးတက်လာတယ် ဆိုလိုရှိရင် ပြည်ထောင်စုသြဇာကို လက်ခံရတော့မယ်လေ၊ သူလက်မခံနိုင်ပါဘူး၊ ဘာထိန်းချုပ်မှုမှ သူလက်မခံ နိုင်ပါဘူး၊ တဖက်ကလည်း မြန်မာပြည်အရိပ်ကို ဦးနုနဲ့ ချူအင်းလိုင်း တို့ထိုးထားတဲ့ စာချုပ်အရိပ်ကိုလည်း ခိုချင်တဲ့အခါကျတော့ ဒီတိုင်းပြောနေတာပါ

UWSA ဝတပ်ဖွဲ့ဟာ တရုတ်နိုင်ငံလက်အောက်ရောက်သွားမှာကို စိုးရိမ်လို့သာ မြန်မာပြည်ကနေ ခွဲမထွက်ဘူးလို့ ပြောဆိုနေပေမယ့် မြန်မာအစိုးရအုပ်ချုပ်မှုအောက်ကို လာရောက်ပူးပေါင်းမှာ မဟုတ်ဘူးလို့လည်း ဒေါက်တာအောင်မျိုးက သုံးသပ်ထားပါတယ်။

ဝ အပါအဝင် NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်ရေးအတွက် အလေးထား ကြိုးပမ်းဆောင်ရွက်နေတာဟာ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ တိုင်ရင်းသားမျိုးနွယ်စုတွေ အားလုံးပါဝင်စေလိုတဲ့ နိုင်ငံရေးစိတ်စေတနာကြောင့်လို့ သဝဏ်လွှာမှာ ထည့်သွင်းရေးသားထားပါတယ်။

အခုလို ဝအပါအဝင် လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့တွေကို NCA လက်မှတ်ရေးထိုးဖို့ တိုက်တွန်းတာနဲ့ ပတ်သက်ပြီး ရခိုင်တပ်မတော် AAပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကအခုလိုပြောပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပြောတဲ့ကိစ္စက ကျနော်ထင်ပါတယ် သိပ်တော့လက်တွေ့မကျဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ အရင်ဝင်တဲ့လူတွေကို မြင်နေတယ်လေ၊ တိုင်းရင်းသားတွေအတွက် သေချာရေရာတဲ့ စိတ်ချရတဲ့ အဲလိုမျိုးအနေအထားထိအောင် NCA ကိုပြောင်းလဲနိုင်တယ်၊ FPNCC ဘက်ကပြောင်းလည်းဖို့ တောင်းဆိုနေတဲ့ အဲဒါတွေကို ဗမာစစ်တပ်နဲ့ အစိုးရဘက်က ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ အဲဒီတံခါးပေါက်ကို ဝင်ကောင်းတော့ ဝင်နိုင်တာပေါ့၊ စိတ်ချရပြီဆိုရင် လောလောဆယ်အနေအထားမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ တံခါးပေါက်ကို ဝင်ဖို့က အခက်အခဲရှိတယ်ဗျ

"၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ မိုင်းလားအဖွဲ့တို့ဟာ NCA တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ဆန့်ကျင်မှုမရှိဘဲ မပြည့်စုံတဲ့အချက်တွေကို ပြင်ဆင်နိုင်ဖို့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့  ပြီးခဲ့တဲ့ နှစ်မတ်လတုန်းက ပြောဆိုထားတာတွေရှိပါတယ်။

ဒီနေ့ နှစ် ၃၀ပြည့် ငြိမ်းချမ်းရေးအခမ်းအနားမှာပဲ ဝပြည်သွေးစည်းညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးပေါယူချမ်း က NCAစာချုပ်နဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုတာ လုံးဝမရှိခဲ့ပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့