လူငယ်တွေ ရဲတပ်ဖွဲ့ထဲဝင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း
2019.03.07

လူငယ်တွေ ရဲတပ်ဖွဲ့ထဲဝင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီမြို့က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံရာမှာ ပြောလိုက်ပါတယ်။
RFA သတင်းထောက် မဝေမာထွန်း က စုစည်း တင်ပြထားပါတယ်။
■ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တပ်ဖွဲ့ဝင်အင်အားနည်းပါးနေတဲ့အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ အမျိုးသား၊ အမျိုးသမီးတွေ ရဲတပ်ဖွဲ့ထဲကို ဝင်ရောက်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က ရဲတပ်ဖွဲ့ကို လူငယ်တွေဝင်ရောက်ဖို့ ပြောဆိုတာဟာ ဒါ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ပတ်သက်ပြီး တက်နိုင်သမျှ အရေးယူဆောင်ရွက်နေပေမယ့် ရဲတပ်ဖွဲ့အင်အား မလုံလောက်တာတွေရှိနေတယ်လို့ သူကပြောပါတယ်။
“အခု ဥပဒေအရ တက်နိုင်သမျှအရေးယူတယ်။ ဒါပေမဲ့ ဒီနိုင်ငံမှာဆိုလို့ရှိရင် အရေးယူဖို့ ရဲတပ်ဖွဲ့အင်အားက သိပ်ပြီးတော့မများဘူး ဒါဟာ နိုင်ငံရဲ့ အခြေအနေနဲ့ တနေ့ထက်တနေ့တော့ တိုးတက်အောင်တော့လုပ်နေတယ်။ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ အမျိုးသားလေးတွေ၊ အမျိုးသမီးတွေကောပေ့ါ၊ ရဲထဲကို ဝင်ကြပါလို့ တိုက်တွန်းချင်တယ်။”
မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ ရဲတပ်ဖွဲ့ဝင်အင်အား အများအပြားလိုအပ်နေပြီး ရဲတပ်ဖွဲ့ထဲကို ဝင်တယ်ဆိုတာဟာ နိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်တာဖြစ်လို့ လူငယ်တွေ ရဲတပ်ဖွဲ့ထဲကို ဝင်ရောက်လာမယ်ဆိုရင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအပါအဝင် တည်ငြိမ်အေးချမ်းရေးအတွက် အကူအညီရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ရဲတပ်ဖွဲ့ဝင်အင်အား တစ်သိန်းရှစ်သောင်းခန့်ရှိရမှာဖြစ်ပေမယ့် လက်ရှိမှာ ပြည့်မှီခြင်း မရှိသေးဘူးလို့ အမည်မဖော်လိုတဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူး တစ်ဦးက RFA ကို ပြောပါတယ်။
“ရဲတပ်ဖွဲ့အနေနဲ့ ကြိုဆိုပါတယ်ခင်ဗျ။ အမျိုးသားရော၊ အမျိုးသမီးရော တကယ်တမ်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ အင်အားက တစ်သိန်းကျော်ရှိရမှာ။ သူ့ဖွဲ့စည်းပုံအရ တစ်သိန်း ခုနှစ်သောင်း၊ ရှစ်သောင်းရှိရမှာ။ လောလော ဆယ်လိုအပ်ချက်တော့ရှိပါသေးတယ်။ ပြည့်မှီအောင်ကြိုးစားဆဲပါ။ လူငယ်၊ လူရွယ်တွေ နိုင်ငံအကျိုး၊ ပြည်သူ လူထုအကျိုးကို တာဝန်ထမ်းဆောင်ချင်လိုတယ်ဆိုရင် နိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ထဲကို ဝင်သင့်တဲ့အကြောင်း ကျနော်တို့က မှတ်ချက်ပြုလိုပါတယ်။”
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားချက်တွေအရ ပြည်နယ်နဲ့ တိုင်းရဲတပ်ဖွဲ့တွေမှာ ရဲဝန်ထမ်းအဖြစ် ထမ်းဆောင်လိုသူတွေဟာ ပညာအရည်အချင်း အနည်းဆုံး ၁၀ တန်းအောင်ရမှာဖြစ်ပြီး အရပ် ၅ ပေ ၃ လက်မ အထက်နဲ့ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်း ဖြစ်ရမှာဖြစ်ပါတယ်။
နယ်စပ်ဒေသ ရဲစခန်းတွေမှာ တာဝန်ထမ်းဆောင်လိုသူတွေအနေနဲ့က ပညာအရည်အချင်း ၄ တန်းနဲ့ အထက်ဖြစ်ရမှာဖြစ်ပြီး ဒေသခံဘာသာစကား တတ်ကျွမ်းရမယ်လို့ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် အမျိုးသမီးရဲတပ်သားသစ် တာဝန်ထမ်းဆောင်လိုသူတွေအနေနဲ့လည်း ပြည်ထောင်စု မြန်မာနိုင်ငံ သားဖြစ်ဖို့လိုပြီး ပါတီနိုင်ငံရေးကင်းရှင်းဖို့နဲ့ သတ်မှတ်ထားတဲ့ ဆေးစစ်ချက်တွေကို အောင်မြင်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုရအောင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နိုင်မှသာ လူငယ်တွေက ရဲတပ်ဖွဲ့ထဲကို ဝင်ရောက်လာမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်က အသက် ၂၆ နှစ်အရွယ် ကိုအောင်ဆန်းမြင့်က ကပြောပါတယ်။
“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ဝင်ချင်အောင် အရင်ဆုံးစွဲဆောင်သင့်တယ်။ ပဋိပက္ခဖြေရှင်းတဲ့ဟာမှာပဲ ဖြစ်ဖြစ် ပြည်သူတွေက ရဲတွေကို မျက်မုန်းကျိုးနေတာတွေရှိတယ်။ ဟိုတနေ့ကဆို ကျနော်သူငယ်ချင်း တယောက်ကို ရဲထဲဝင်မလားဆိုတော့ မဝင်ချင်ဘူး။ ပြည်သူကို ခြိမ်းခြောက်ပြီး မတရားသဖြင့် တောင်းစားတယ်ပေါ့။ တချို့ဟာတွေမှာ အဲလိုဟာမျိုးမြင်တယ်ပေါ့”
ဒါ့အပြင် လုံလောက်သင့်တင့်တဲ့ လစာကိုပေးမှသာ ရဲတပ်ဖွဲ့ကို ဝင်ရောက်လိုသူတွေ ပိုများလာမယ်လို့ ပြောကြပါတယ်။
လက်ရှိမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ ရဲတပ်ဖွဲ့တစ်ဦးဟာ ပြည်သူ ၈၀၀ ကနေ ၁၀၀၀ ကြားကို လုံခြုံရေး ဆောင်ရွက်ပေးနေရပြီး ဒါဟာ ရဲတပ်ဖွဲ့ဝင်အင်အားနဲ့ ပြည်သူလူထုအင်အား မျှတတဲ့အခြေအနေ မဟုတ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်ချက်တွေရှိနေတယ်လို့ ပြောကြပါတယ်ရှင်။