သန်းခေါင်စာရင်းကောက်မယ့်လုပ်ငန်းစဉ်မှာ ပါဝင်သူတွေကို အရေးယူမယ်လို့ DDT သတိပေး
2024.09.28
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်မယ့် စစ်ကောင်စီထောက်တိုင်တွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) က စက်တင်ဘာ ၂၇ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးနိုင်အောင် ကြိုးစားသွားမယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ဂဠုန်မင်းလတ်က RFA ကို ပြောပါတယ်။
"စစ်ကောင်စီတပ်ရဲ့ စစ်ယန္တရားလည်ပတ်ရေးအတွက် လုပ်ပေးနေတဲ့သူတွေကို ကျွန်တော်တို့က အရေးယူမှာပါ၊ ထိုက်သင့်တဲ့ဒဏ်ကို ပေးသွားနိုင်အောင် ကြိုးစားမှာပါ"
ထားဝယ်မြို့ပေါ်က ရပ်ကွက်တွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ဦးစီးပြီး သန်းခေါင်စာရင်းကောင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။
ရွာတွေမှာ သန်းခေါင်စာရင်း ကောက်ယူတာတွေကို တားဆီးမှာဖြစ်သလို မြို့ပေါ်အထိပါ တားဆီးနိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
သန်းခေါင်စာရင်းကောက်ယူမဲ့သူတွေကို အရေးယူနိုင်ရေးအတွက် ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ထားဝယ်အခြေစိုက် တခြားအဖွဲ့တွေလည်း ပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်လို့ ပြောပါတယ်။
ပြည်သူတွေရဲ့ ဆန္ဒမပါဘဲ စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင် တော်လှန်သွားမှာ ဖြစ်ကြောင်းနဲ့ ဒီ အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရေးကို စစ်ကောင်စီတပ် အလိုကျ သန်းခေါင်စာရင်း လိုက်လံကောက်ယူပေးမယ့် ထောက်တိုင်တွေကိုလည်း ပြည်သူ့ဆန္ဒအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရန်ကုန်အခြေစိုက် လူထုသပိတ်အစုအဖွဲ့တွေကလည်း စက်တင်ဘာလ ၂၆ ရက်နေ့က မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူတွေ စစ်ဘေး၊ ရေဘေးစတဲ့ ဘေးအန္တရာယ် အမျိုးမျိုးနဲ့ရင်ဆိုင်နေရချိန်မှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူရေး ကြိုးပမ်းနေတာကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။
လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ခံမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။