ထားဝယ်မှာ လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာပြင်းထန်

RFA Burmese
2024.11.18
ထားဝယ်မှာ လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာပြင်းထန် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ တစ်နေရာကို တွေ့ရစဉ်။
Dawei Watch

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရှင်မုတ္ထီးရွာထဲကို နိုဝင်ဘာလ ၁၆ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးပြီး နောက်ထပ် လေးဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေက အသက် ၁၈ နှစ်နဲ့ ၁၉ နှစ်အရွယ် မအင်ကြင်းမိုးနဲ့ မချစ်မိုးဆွေတို့ ဖြစ်ကြပါတယ်။ ဒဏ်ရာရသူတွေကတော့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ဖြစ်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ထားဝယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အသက် ၁၈ နှစ်အရွယ် အင်ကြင်းမိုးက တစ်ခါတည်းသေသွားတာ။ သူ့ရဲ့ ယောက်ျားဖြစ်သူက ခြေထောက်နှစ်ဖက်လုံး အပြင်းအထန် ဒဏ်ရာရတယ်။ ပြီးရင် အင်ကြင်းမိုးရဲ့ အစ်မဖြစ်သူက ၀မ်းဗိုက်မှာ ထိမှန်ဒဏ်ရာရတယ်။ နောက်ထပ် လင်မယားစုံတွဲတစ်တွဲလည်း ဒဏ်ရာရတယ်။ သူတို့အားလုံးကို ထား၀ယ်ဆေးရုံမှာ တင်ထားရတယ်။ ဒဏ်ရာတွေက ပြင်းထန်တယ်”

နိုဝင်ဘာလ ၁၅ ရက်နေ့ညက ရှင်မုတ္ထီးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးရေးနဲ့ စစ်ဆေးရေးတွေ လုပ်ခဲ့တာပါ။

အဲဒီနောက် တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနေနိုင်သေးတယ်ဆိုတဲ့ ယူဆချက်နဲ့ စစ်ကောင်စီတပ်က ရှင်မုတ္ထီးနဲ့ အနီးတစ်၀ိုက် ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတည်းမှာပဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုး စီးနင်းမှုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း အရပ်သား ၁၉ ဦး သေဆုံးခဲ့တယ်လို့ တနင်္သာရီအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ (FE5 Tanintharyi) က ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၄၇၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။