မတ်လ ၂၇ ရက်နေ့မှာ လူပေါင်း ၉၀ ကျော်ပစ်သတ်ခံရ

နန္ဒာချမ်း(ဝါရှင်တန် ဒီစီ)
2021.03.27

ဒီနေ့ မတ်လ ၂၇ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ ရဲပစ်ခတ်လို့ သေဆုံးတဲ့သူ ၉၀ ကျော်ရှိသွားပြီလို့ AP၊ ရိုက်တာသတင်းဌာနနဲ့ Myanmar Now သတင်းဌာနက ဖော်ပြပါတယ်။

သေဆုံးသူ စာရင်းတိတိကျကျကို RFA က သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။


သေဆုံးမှုတွေထဲမှာတော့ ရန်ကုန်တိုင်း ဒလမှာ ၁၂ ယောက်၊ အင်းစိန်မှာ သုံးယောက်၊ ရှမ်းပြည်နယ် လားရှိုးမှာ သုံးယောက်၊ ပဲခူးတိုင်း ဒိုက်ဦးမှာ ၂ ယောက်၊ ကျောက်တံခါးမြို့နယ် ဖဒိုမှာ ၁ ယောက်၊ စစ် ကိုင်းတိုင်း ရွှေဘိုမှာ နှစ်ယောက်၊ ဆားလင်းကြီးမှာ တစ်ယောက်၊ မန္တလေးမြို့ပေါ်မှာ တစ်ယောက်၊ မန္တလေးတိုင်း ဝမ်းတွင်း၊ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းမြို့တွေမှာ တစ်ယောက်စီနဲ့ မကွေးတိုင်း ပွင့်ဖြူမှာ တစ်ယောက်၊ တနင်္သာရီတိုင်း မြိတ်မှာ နှစ်ယောက်၊ ထားဝယ်မှာ တစ်ယောက် RFA က အတည်ပြုထားပြီးဖြစ်ပါတယ်။ ဒဏ်ရာရသူတွေလည်း ဒါဇင်နဲ့ချီရှိနေပြီး ဖမ်းဆီးခံရသူတွေလည်း ရှိနေပါတယ်။

ရန်ကုန်တိုင်း ဒလမြို့မှာ ဖမ်းဆီးထားတဲ့အမျိုးသမီး နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ဒေသခံတွေ တောင်းဆိုရာက မနက်အစောပိုင်း ၂ နာရီလောက်ကစပြီး နေ့ခင်းအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျည်အစစ်တွေသုံးပြီး ပစ်ခတ်ခဲ့တာကြောင့် ၁၂ ယောက်အထိ သေဆုံးခဲ့တာဖြစ်တယ်လို့ ဒလမြို့ခံ တစ်ဦးက ပြောပြပါတယ်။

သေဆုံးသူတွေထဲက တချို့ရုပ်အလောင်းတွေကို ပြန်မရသေးဘူးလို့ ဒလမြို့က မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ထဲက ယုဇနဥယျာဉ်အိမ်ယာမှာလည်း ဒီမနက် ဆန္ဒပြသူတွေ ပစ်ခတ်ခံခဲ့ရပြီး ကျည်ထိမှန်ထားသူ သုံးယောက်ကို ရဲတွေက တရွတ်တိုက်ဆွဲသွားကာ၊ နောက်ထပ် လေးယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ အဲဒီအိမ်ယာမှာ နေထိုင်သူတစ်ယောက်က ပြောပါတယ်။

တောင်ဥက္ကလာ၊ စမ်းချောင်း၊ သံလျင်၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သာကေတ စတဲ့ မြို့နယ်တွေမှာလည်း ပစ်ခတ်ဖမ်းဆီးတာတွေ၊ လမ်းပေါ်တွေမှာ မီးရှို့တာတွေလုပ်ခဲ့တဲ့ သတင်းတွေ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၇ နတ်စင်အနီးမှာ ဒီမနက် ၈ နာရီလောက်က ဆန္ဒပြနေတုန်း စစ်တပ်နဲ့ ရဲတွေရောက်လာပြီး သေနတ်တွေနဲ့ ပစ်ခတ်လို့ အမျိုးသား သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့ပေါ်က ဆန္ဒပြပွဲမှာတော့ ဒေသအခြေစိုက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ဆန္ဒပြကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေ့ခင်းမှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။

RFA က သီးသန့်ပြုစုထားတဲ့စာရင်းတွေအရ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မတ်လ ၂၆ ရက်နေ့အထိ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ အနည်း ဆုံး ၃ဝဝ ကျော် ရှိသွားပါပြီ။ ဖမ်းဆီးခံရသူ ထောင်နဲ့ချီရှိပြီး၊ ဒီအထဲမှာ သတင်းထောက် ၅ဝ နီးပါး ပါဝင်ပါတယ်။

နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေကို အခုလို ပစ်ခတ်ဖြိုခွင်းနေချိန်မှာပဲ (၇၆) ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားကို အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်မှာ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီအခမ်းအနားကို တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအဖွဲ့တွေနဲ့ အနောက်နိုင်ငံ သံတမန်တွေကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်း ဖက်ဖြိုခွင်းမှုတွေအပေါ် ကန့်ကွက်တဲ့အနေနဲ့ မတက်ရောက်ခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Lin Htet
2021-03-27 10:06

နိုင်ငံရဲ့လက်ရှိအနေအထားကို အချိန်နဲ့တပြေးညီတင်ပြပေးနေလို့ကျေးဇူးတင်ပါတယ် ဒီထက်ပိုပြီးမြေပြင်အနေအထားကိုနိုင်ငံတကာသိအောင် တင်ပြပေးစေချင်ပါတယ် RFAကိုပြည်သူတွေရဲ့ယုံကြည်ရာအဖြစ်သတ်မှတ်ချင်ပါတယ် ကျေးဇူးတင်ပါတယ်

Lin Htet
2021-03-27 10:09

မြန်မာနိုင်ငံရဲ့လက်ရှိမြေပြင်အနေအထားကိုအချိန်နဲ့တပြေးညီတင်ပြပေးနေတာကျေးဇူးတင်ပါတယ် ဒီထက်လည်းနိုင်ငံတကာကသိအောင်တင်ပြပေးစေချင်ပါတယ်