အငြင်းပွားမြေမှာ တပ်ဝင်ရောက်ထွန်ယက်မှုကို တောင်သူတွေ ကန့်ကွက်

မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကယားပြည်နယ် ဒီမောဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာက တောင်ယာတွေထဲမှာ တပ်မတော်က ဝင်ရောက်ထွန်ယက်နေတဲ့အပေါ် တောင်သူတွေက ကန့်ကွက်လိုက်ပါတယ်။

အမှတ် ၃၆၀ အမြောက်တပ်နဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒေါဆိုရှေ့ကျေးရွာက တောင်ယာတွေထဲမှာ ဒီရက်ပိုင်းအတွင်း တပ်က ဝင်ရောက်ထွန်ယက်သွားတာဟာ တရားမျှတမှု မရှိဘူးလို့ တောင်သူတွေက ပြောကြပါတယ်။

ဒေါဆိုရှေ့တောင်သူ ခွန်းသောမတ်စ် က တောင်သူတွေကိုတော့ ယာထဲ မဝင်ဖို့ ပြောပြီး၊ တပ်က ဝင်ရောက်ထွန်ယက်သွားတယ်လို့ ပြောပါတယ်။

“သူတို့အခု လာလုပ်သွားတာ ၃ ရက်လား ၄ ရက်လောက်ရှိပြီ၊ ကျနော်တို့ကိုကျတော့ မဝင်သေးနဲ့အုံးလို့ ပြောပြီးတော့မှ အခုက သူတို့တပ်ဖက်ကနေ ကျနော်တို့တောင်ယာကို လာထွန်ထယ်သွားတဲ့ကိစ္စက ကျနော်တိုအတွက် မတရားပါဘူး။”

၂၀၀၂ ခုနှစ်လောက်ကတည်းက ဒေါဆိုရှေ့ရွာထဲက ယာမြေ ဧက ၂၀၀ ကို အမှတ် ၃၆၀ အမြောက်တပ်က သိမ်းယူခဲ့တာဖြစ်ပါတယ်။

အဲဒီယာတွေဟာ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်ခဲ့ကြတဲ့ မြေတွေဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။ လုပ်ကိုင်စားသောက်စရာ မြေနေရာ မရှိတဲ့အတွက် မိသားစုစားဝတ်နေရေးကို စိတ်ပူပန်ရပြီး နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲနေရတယ်လို့ ဒေါဆိုရှေ့တောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်ညားမာ က ပြောပါတယ်။

“ကျမက ပညာလည်း မတတ်ဘူးဆိုတော့ သူများနားမှာပဲ တရက်ပြီးတရက် နေ့စားလုပ်တယ်။ ကျမမှာ လုပ်စားစရာမြေမရှိတော့ဘူးလေး။ ကျမ သူများခြံထဲ နေ့စားလုပ်ဖို့သွားရင် ကျမခြံကို ကျော်သွားရတယ်။ ကျမခြံကို ကျမတွေ့ရင် ကျမငိုတယ် သူများ ကျမခြံကို အကုန်လုံး လာလုပ်စားလိုက်တယ်။”

ဒေါ်ညားမာက တောင်ယာမြေ ဧက ၂၀ ဝန်းကျင် သိမ်းယူခံရပြီး လက်ရှိမှာတော့ စိုက်ပျိုးစားသောက်စရာ မြေနေရာမရှိတော့လို့ ဆောက်နေဆဲ တိုက်ပုအိမ်ကလေးကိုလည်း မဆောက်နိုင်တော့ဘူးလို့ ပြောပါတယ်။

ဒေါဆိုရှေ့ကျေးရွာက တောင်သူတွေဟာ သိမ်းဆည်းခံထားရတဲ့ တောင်ယာအပြင် တခြား လုပ်ကိုင်စား သောက်စရာ နေရာမရှိတဲ့အတွက် ပြန်ပေးဖို့ မြေသိမ်းခံရတဲ့ ခွန်းသောမတ်စ် က တောင်းဆိုပါတယ်။

“ကျနော်တို့ကဒီဟာလေးကိုပဲ မှီခိုအားထားနေရတယ်။ ဒီဟာလေးမရှိရင် ဘာမှ လုပ်ကိုင်စားသောက် စားသောက်စရာ နေရာ မရှိဘူးပေါနော် ကျနော်တို့မှာ လစာ မရှိပါဘူး ကျနော်တို့မှာ တခြား မှီခိုအားထားစရာ ဘာမှမရှိပါဘူး ကျနော်တို့မှာ ဒီမြေကြီး ဒီရေပဲ သောက်သုံးနေရတယ်အဲ့ဒါကြောင့် ကျနော်တို့ အရမ်းကို အခက်အခဲကြုံနေရပါတယ်”

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကယားပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ ကို ဇွန်လ ၁၀ ရက်နေ့က လွှတ်တော်အစည်းအဝေးအပြီး မေးမြန်းရာမှာတော့ သူ့အနေနဲ့ မသိကြောင်း ပြန်လည်ဖြေကြား ပါတယ်။

“အခုပြောမှ အဲဒီ မေးခွန်းက သိတာ။ ကျနော်က တပ်မြေတို့၊ ဘာတို့ကို ကိုင်တာ မဟုတ်ဘူး။ မေးမှပဲ ဒီအကြောင်းအရာကို သိတာ။”

၂၀၁၉ ခုနှစ် စိုက်ပျိုးရာသီချိန်မှာ ဒေါဆိုရှေးတောင်သူတွေဟာ အဲဒီတောင်ယာမြေတွေထဲကို ဝင်ရောက်ထွန်ယက် စိုက်ပျိုးရာကနေ တပ်ပိုင်မြေထဲ ဝင်ရောက်ကျူးကျော် စိုက်ပျိုးတယ်ဆိုပြီး ဒေါ်ညားမာ အပါအဝင် တောင်သူ ၁၉ ယောက်ကို အမှတ် ၃၆၀ အမြောက်တပ်က ပြည်သူပိုင် ပစ္စည်းကာကွယ်ရေးဥပဒေ ပုဒ်မ ၆/၁၊ ပိုင်နက် ကျူးကျော် မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

တရားစွဲခံရသူတွေထဲက တောင်သူထက်ဝက်ခန့်က ရှစ်လခန့် အချုပ်ကျခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ထောင်ဒဏ် ၁၅ ရက် သို့မဟုတ် ငွေဒဏ် တစ်သောင်းနဲ့ စီရင်ချက် ချမှတ်ခံရလို့ ငွေဒဏ်ပေးဆောင်ကာ ပြန်လည်လွတ်မြောက်လာခဲ့ကြသူတွေဖြစ်ပါတယ်။

အမှတ် ၃၆၀ အမြောက်တပ်မှာ သိမ်းဆည်းထားတဲ့ မြေဧက တစ်ထောင်ကျော်ထဲက တစ်ဝက်ကျော်ကို ၂၀၁၅ ခုနှစ်လောက်က ပြန်လည်စွန့်လွှတ်ထားပြီးဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ RFA ကို ဖြေကြားထားပါတယ်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ခင်မောင်ဝင်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

တောင်သူတွေက သူတို့မြေယာတွေမှာ ပြန်လည်စိုက်ပျိုးထွန်ယက်နိုင်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကြိုးစားသွားမယ်လို့ ပြောကြပါတယ်။