အာဏာသိမ်းစစ်ကောင်စီက ကွပ်မျက်မိန့်အတည်ပြုထားတဲ့ NLD လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဂျင်မီနဲ့ ဦးအောင်သူရဇော်၊ ဦးလှမျိုးအောင်တို့နဲ့ ပတ်သက်လို့ ဒီနေ့အထိ တစ်စုံတစ်ရာ ညွှန်ကြားလာတာ မရှိသေးဘူးလို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေက RFA ကို ဇွန်လ ၁၀ ရက် ဒီနေ့ညနေက ပြောပါတယ်။
လတ်တလောသတင်းတွေ ထွက်ပေါ်နေတဲ့ ဒီနေ့ညနေ ကြိုးမိန့်ပေးမယ်ဆိုတဲ့ သတင်းတွေ ဟာလည်း မဟုတ်မှန်ဘူးလို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေက ပြောပါ တယ်။
"ကျနော်တို့ ဘာမှမသိပါဘူး။ အထက်ကလည်း ဘာမှမပြောလာပါဘူး။ အင်းစိန်ထောင် ထဲမှာ ဒီညနေ ကြိုးပေးမယ်၊ ကန်တော့ပွဲတွေ ပေးနေတယ်ဆိုတာ ကျနော်တို့ ဘာမှ မသိဘူး၊ မဖြစ်လည်း မဖြစ်နိုင်ပါဘူး"
သေဒဏ်ကျခံထားရတဲ့ သူတို့လေးဦးစလုံးကို သေဒဏ်ကျဝတ်စုံဖြစ်တဲ့ လိမ္မော်ရောင်ကို ဝတ်ဆင်ထားပြီး သေဒဏ်ကျသူတွေကို ထားလေ့ရှိတဲ့အဆောင်ကို ပြောင်းရွှေ့ထားသလို သူတို့ လေးဦးစလုံးရဲ့ ကျန်းမာရေး အခြေအနေကောင်းတယ်လို့လည်း သူက ဆက်ပြော ပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက သူတို့လေးဦးစလုံးကို အကျဉ်းဦးစီး ဌာနရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ကွပ်မျက်မှာဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့က RFA ကို ပြောဆိုထားပါတယ်။
ဦးဂျင်မီရဲ့ ဇနီး ဒေါ်နီလာသိန်းကတော့ အခုလိုအပြစ်ပေးမှုအတွက် စစ်ကောင်စီ တာဝန်ယူ ရမယ်လို့ RFA ကို မနေ့က ပြောဆိုထားပါတယ်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကလည်း စစ်ကောင်စီရဲ့ သေဒဏ်ချ အပြစ်ပေးမှုဟာ ရက်စက်ပြီး လူမဆန်တဲ့လုပ်ရပ်ဖြစ်တာကြောင့် သေဒဏ်ပေးတာကို ဆန့်ကျင်ကြောင်း ဇွန်လ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။