စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲကို ဇန်နဝါရီလ ၁၆ ရက် ဒီနေ့ မနက်မှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ရွာခုနစ်ရွာက လူလေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပဲယင်းမြို့နယ် အောင်သာယာရွာ၊ မစိုးရိမ်ရွာ၊ ပျော်ဘွယ်ရွာ၊ ရွာရှည်ရွာ၊ ပင်စီရွာ၊ အောင်ချမ်းသာရွာနဲ့ မူးကတွင်းရွာတွေက ထွက်ပြေး တိမ်းရှောင်နေရတာလို့ ဒေသခံတွေက ပြောပါတယ်။
“ရေဦးမြို့နယ် အောင်သာရွာမှာ ညအိပ်တဲ့စစ်ကြောင်းက အခုမနက်မှာ ဒီပဲယင်းမြို့နယ် ရွာရှည်ရွာကို အရင်ဝင်တယ်။ အခုတော့ ရွာရှည်ကနေ အောင်ချမ်းသာ ဘုန်းကြီးကျောင်းကို ရောက်နေပြီ။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်နေတယ်”
အင်အား တစ်ရာဝန်းကျင်ရှိတဲ့ အဲဒီစစ်ကြောင်းကို ဇန်နဝါရီလ ၁၅ ရက်၊ မနေ့ကတော့ ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် နှစ် ဒသမ ခြောက်သန်းကျော် ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။