ဒီပဲယင်းက ရွာနှစ်ရွာ မီးရှို့ခံရလို့ အိမ် ၁၅၀ ကျော် ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းက မူးကမ်းကြီးရွာနဲ့ အရှေ့ဆူးတပ်ရွာတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၁၅၀ ကျော် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ရွှေဘိုမြို့ကနေ ထွက်လာတဲ့ စစ်သား ၁၀၀ လောက်ဟာ ဇွန်လ ၁၄ ရက် ညနေပိုင်း လောက်က အဲဒီရွာ တွေဆီ ဝင်ရောက်လာပြီး နှစ်ရွာလုံးကို တစ်ပြိုင်တည်း မီးရှို့ခဲ့တာလို့ ဒီပဲယင်းမြို့နယ် စစ်ဘေးဒုက္ခသည် တွေကို ထောက်ပံ့ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ ရွာကိုရောက်တာနဲ့ လက်နက်ကြီးနဲ့ ပစ်တယ်၊ အကုန်ထွက်ပြေးကြရတာ၊ ရွာမှာ တစ်ရက် တပ်စွဲတယ်၊ သူတို့တပ်စွဲနေတာကို ရွာကိုမီးရှို့တယ်၊ သူတို့ထွက်သွားလို့ ဝင်ကြည့်ရင်းမှ အိမ်တွေတော်တော်များများ ပါတာသိရတာ၊ စပါးတွေလည်း မီးလောင်တာပေါ့၊ အခုကတော့ ရွာသားတွေ မီးလောင်ပြင်တွေ ရှင်းနေကြတယ်။ အကုန်လုံး ဒုက္ခရောက်နေကြလို့ ကူနိုင်သလောက် ကူကြပါ “

မူးကမ်းကြီးရွာနဲ့ အရှေ့ဆူးတပ်ရွာဟာ ရွာချင်းကပ်ရပ်ဖြစ်ပြီး အဲဒီနေ့က နှစ်ရွာပေါင်းက အိမ်ခြေ ၁၅၀ ကျော် မီးလောင်ခဲ့ရာမှာ မူးကမ်းကြီးရွာက ဆုံးရှုံးမှု ပိုများတယ်လို့ ဆိုပါတယ်။

အိမ်ထောင်စုပေါင်း ၇၂ စုက စပါးကျည်တွေ၊ လယ်ယာသုံးပစ္စည်းတွေ၊ ဆိုင်ကယ်တွေ၊ အိမ်မွေးတိရစ္ဆာန် တွေနဲ့ အိမ်သုံးပရိဘောဂတွေ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီနေ့ကပဲ မူးကမ်းကြီးရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့ PDF က ကင်းထောက် တပ်သားတစ်ယောက် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံခဲ့ရပြီးနောက် အသတ်ခံခဲ့ ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးဘဲ စစ်ကောင်စီဘက် ကလည်း သတင်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ နဲ့ ၂၀ ရက်တွေကလည်း ဒီပဲယင်းမြို့နယ် မဲအိုးရွာနဲ့ ညောင်လှရွာတို့ကို စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့လို့ အိမ် အလုံး ၅၀ ထက်မနည်း မီးလောင် ပျက်စီးခဲ့တယ်လို့ ညောင်လှ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။