NUG အစိုးရနဲ့ ပွင့်ပွင့်လင်းလင်းဆက်ဆံဖို့ အာဆီယံနိုင်ငံတွေကို Derek Chollet တိုက်တွန်း

အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်
အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ် (Photo: AFP)

အမေရိကန်အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ထိတွေ့ဆက်ဆံနေသလို၊ အာဆီယံ အသင်းဝင်အစိုးရတွေ အနေနဲ့လည်း NUG နဲ့ လူသိရှင်ကြားဆက်ဆံဖို့ အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet (ဒဲရစ်ချောလက်) က တိုက်တွန်းလိုက်တယ်လို့ ဒီနေ့ထုတ် The Strait Times သတင်းစာမှာ ဖော်ပြထားပါတယ်။

Derek Chollet ဟာ ဇွန်လ ၇ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ထိုင်း၊ စင်္ကာပူနဲ့ ဘရူနိုင်းနိုင်ငံခရီးစဉ် စတင်နေပြီဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ စစ်တပ်အာဏာသိမ်းပြီး ဖြုတ်ချခံလိုက်ရတဲ့ မြန်မာအရပ် သားအစိုးရကို ကိုယ်စားပြုသလို၊ NUG အစိုးရအဖွဲ့ဝင်အတော်များများဟာ သမ္မတ ဘိုင်ဒင်အစိုးရ အရာရှိတွေနဲ့ ပြီးခဲ့တဲ့တစ်နှစ်တာမှာ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ လွှတ်တော်အမတ်တချို့က တောင်းဆိုမှုတွေ ရှိနေပေမယ့်၊ အမေရိကန်က သူတို့ကို သံတမန်ရေးအရ တရားဝင်ပြုမှု ခေတ္တ ရပ်ဆိုင်းထားခဲ့ပါတယ်။

Derek Chollet ဟာ ထိုင်းနိုင်ငံရောက်တဲ့အချိန်မှာ ထိုင်းအစိုးရ ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံအရေးကိစ္စနဲ့ နိုင်ငံတကာပြသနာတွေကို ဆွေးနွေးမယ့်အပြင်၊ မြန်မာပြည်သူတွေကို ကူညီရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူမှု အဖွဲ့အစည်းတွေနဲ့ တခြား သက်ဆိုင်သူတွေကို တွေ့ဆုံမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် သူဟာ စင်္ကာပူနိုင်ငံမှာလည်း မြန်မာပြည်က ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စင်္ကာပူထိပ်တန်းအရာရှိတွေနဲ့ ဆွေးနွေးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။