အမေရိကန်သတင်းသမား Daniel Fenster ထောင်ထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရ

2021.07.15
အမေရိကန်သတင်းသမား Daniel Fenster ထောင်ထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာ အမေရိကန်နိုင်ငံသား Daniel Fenster
File Photo/Reuters

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာ အမေရိကန်နိုင်ငံသား Daniel Fenster ဟာ အင်းစိန်ထောင်ထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ သူ့ရှေ့နေကို ပြောကြားခဲ့ကြောင်း AP သတင်းဌာနက ဇူလိုင်လ ၁၅ ရက်နေ့မှာ ဖော်ပြပါတယ်။

ကြာသပတေးနေ့က Daniel Fenster ရဲ့အမှုကို အွန်လိုင်းဗီဒီယိုက တဆင့် ကြားနာစစ်ဆေးခဲ့ရာမှာ သူ့မှာ ကိုဗစ်ပိုး ကူးစက်ခံနေရပြီဖြစ်ကြောင်းနဲ့ သူတောင်းခံတဲ့ လိုအပ်တဲ့ဆေးဝါးတွေလည်း မရရှိဘူးဆိုပြီး သူ့ရှေ့နေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ထောင်အာဏာပိုင်တွေကတော့ Daniel Fenster ပိုးကူးစက်ခံနေရတယ် ဆိုတာ မဟုတ်ဘူးလို့ ငြင်းဆိုကြောင်း AP သတင်းက ရေးသားပါတယ်။ Daniel Fenster ရဲ့ နောက်တကြိမ် ရုံးချိန်းကို လာမယ့် ဇူလိုင်လ ၂၈ ရက်နေ့ကို ချိန်းဆိုလိုက်တယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သေဆုံးမှုတွေ မြင့်တက်နေပြီး Daniel Fenster ကို ဖမ်းဆီးထားတဲ့ အင်းစိန်အကျဉ်းထောင်မှာလည်း ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ဇူလိုင်လ ၈ ရက် ကစပြီး ဇူလိုင်လ ၂၁ ရက်နေ့အထိ အချိန်နှစ်ပတ်ကြာ အဝင်အထွက်ပိတ်ပင် (Lockdown) ကန့်သတ်ထားတာပါ။

Daniel Fenster ဟာ မေလ ၂၄ ရက်နေ့က မလေးရှားနိုင်ငံကို သွားဖို့ ရန်ကုန်လေဆိပ်မှာ စောင့်ဆိုင်းနေချိန် ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံမငြိမ်သက်အောင် လှုံ့ဆော်မှုနဲ့ တရား စွဲဆိုခံထားရတာ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းအပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ လက်ရှိအချိန်အထိ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ သတင်းသမားပေါင်း ၈၇ ဦးအထိ ရှိခဲ့ပြီး သတင်းထောက် ၄၃ ဦးကတော့ ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။