ရန်ကုန်မှာ ဝမ်းရောဂါ ကူးစက်မှုတွေ ဆက်ရှိနေ

RFA Burmese
2024.07.09
ရန်ကုန်မှာ ဝမ်းရောဂါ ကူးစက်မှုတွေ ဆက်ရှိနေ ရန်ကုန်တိုင်း၊ သာကေတမြို့မြို့နယ်မှ ဝမ်းရောဂါဖြစ်ပွားနေသဖြင့် ကုသနေကြသည့် ဆေးခန်းတစ်ခုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ဝမ်းရောဂါကူးစက်မှုတွေ ဆက်ရှိနေပြီး ဇူလိုင်လ ၉ ရက် မနေ့က တစ်ရက်တည်းမှာ ဝမ်းရောဂါကူးစက်ခံရသူ လူနာသစ် ၆၄ ဦး ထပ်ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဝမ်းရောဂါဖြစ်ပွားမှုကြောင့် ဆေးရုံတက် ကုသရသူဟာ နေ့စဉ်တိုးလာနေပြီး ဇူလိုင်လ ၆ ရက်နေ့ကနေ ၉ ရက်နေ့အထိ လေးရက်အတွင်းမှာ ၂၃၁ ဦးအထိ ရှိလာတာပါ။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကတော့ ရောဂါထိန်းချုပ်ရေး ကြိုးပမ်းနေကြောင်း ပြောဆိုထားပြီး ဝမ်းရောဂါဖြစ်တဲ့သူတွေထဲက လူ ၁၃၀ ဆေးရုံဆင်းသွားပြီလို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ရန်ကုန်တိုင်းက သကေတ၊ ဒေါပုံ စတဲ့မြို့နယ်တွေမှာ အစားအသောက်ရောင်းချတဲ့ လမ်းဘေးဈေးဆိုင်တွေကို ဒီနေ့အထိ ပိတ်ခိုင်းထားသလို ရပ်ကွက်တွေထဲမှာလည်း ဝမ်းရောဂါ ပညာပေး သတိပေးချက်တွေကို အသံချဲ့စက်နဲ့ လိုက်လံကြေညာနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“လမ်းဘေးဆိုင်တွေ မဖွင့်ရသေးဘူး။ ဈေးတွေမှာလည်း သူတို့အဖွဲ့စုံလိုက် လိုက်စစ်တယ်။ ရေတွေကို ကလိုရင်းခတ်တာတွေလည်း လိုက်လုပ်ပေးတယ်။ ရန်ကုန်က လူဦးရေထူထပ်တော့ တစ်ခုခုဆို အကုန်ကူးစက်လွယ်တယ်။ အခုပေးနေတဲ့ ဂျိုးဖြူရေဆိုရင် မိလ္လာပိုက်လိုင်းပေါက်တာတွေနဲ့ ရောနေတော့ အဲဒီရေလည်း မသန့်ရှင်းနိုင်ဘူး”

ဝမ်းရောဂါ အစုလိုက်အပြုံလိုက် ကူးစက်မှုဟာ သကေတနဲ့ ဒေါပုံမြို့နယ်တွေမှာ ဇူလိုင်လ ဆန်းပိုင်းက စတင်ခဲ့တာပါ။

ဝမ်းရောဂါ စတင်ဖြစ်ပွားတဲ့ ဇူလိုင်လ ပထမပတ်အတွင်းမှာတော့ ဝမ်းရောဂါကြောင့် သေဆုံးသူ ငါးဦးအထိ ရှိခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ ဝမ်းရောဂါကြောင့် သေဆုံးသူမရှိဘူးလို့ နိုင်ငံပိုင် သတင်းမီဒီယာတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။