ဝမ်းရောဂါကြောင့် သာကေတမြို့နယ်က လမ်းဘေးဆိုင်တချို့ ဇူလိုင်လကုန်ထိ ပိတ်ခိုင်းထား
2024.07.23
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အတွင်းက အစားအသောက်ရောင်းချတဲ့ ဆိုင်တချို့ကို ဝမ်းရောဂါကြောင့် ဇူလိုင်လကုန်အထိ ပိတ်ထားဖို့ စစ်ကောင်စီရဲ့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သာကေတမြို့ခံတွေက ပြောပါတယ်။
ဇူလိုင်လတစ်လလုံး မရောင်းချဖို့ ညွှန်ကြားထားတာဖြစ်ပြီး ပြန်လည်ရောင်းချခွင့်ရမယ့် ရက်အတိအကျကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် အသိပေးမယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ သာကေတမြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက နေ့စဉ်လာရောက်စစ်ဆေးတာတွေ ရှိနေတယ်လို့ သာကေတမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အသုပ်ဆိုင်တို့ မုန့်ဟင်းခါးဆိုင်နဲ့ မုန့်တီဆိုင်၊ တုတ်ထိုးဆိုင် အဲဒီလိုဆိုင်တွေကို လုံးဝ မရောင်းခိုင်းတာမျိုးပေါ့။ ဝမ်းရောဂါ စဖြစ်ကာစတုန်းက တစ်ပတ်ပဲပိတ်ဖို့ ပြောတာ။ အခုကျ ဇူလိုင်တစ်လလုံး ပိတ်ဖို့ ညွှန်ကြားထားတာပါ”
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ငါးရက်အတွင်း သာကေတမြို့နယ်မှာ ဝမ်းရောဂါနဲ့ သေဆုံးသူ ငါးဦးအထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ ဝမ်းရောဂါကြောင့် သေဆုံးတာမရှိဘူးလို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် ထုတ်ပြန်ပြောဆိုထားပါတယ်။