နှစ်ပေါင်း ၉၉ သန်းက ဒိုင်နိုဆောအမြီး မြန်မာပြည်က ရရှိခဲ့

မြန်မာနိုင်ငံမြောက်ပိုင်းကနေ တရုတ်ပညာရှင်တစ်ဦး ပြီးခဲ့တဲ့နှစ်က ဝယ်ယူခဲ့တဲ့ ပယင်းကျောက်တစ်ခုအတွင်းက ရုပ်ကြွင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၉ သန်းခန့်က ရှင်သန်ခဲ့တဲ့ ဒိုင်နိုဆော သတ္တဝါငယ်တစ်ကောင်ရဲ့ အမြီးဖြစ်တယ်လို့ ဒီကနေ့ ထုတ်ဝေတဲ့ Current Biology မျက်မှောက် ဇီဝဗေဒ ဂျာနယ်မှာ ဖေါ်ပြထားပါတယ်။

အမွှေးအမှင်တွေပါဝင်တဲ့ ဒိုင်နိုဆောအမြီးပိုင်းဟာ ၃.၇ စင်တီမီတာ အရှည်ရှိပြီး အဲဒီ ပယင်းကျောက်ကို Lida Xing လီဒါ ရှင်း ဆိုတဲ့ တရုတ် ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်က မြစ်ကြီးနားမြို့ ဈေးဆိုင်တစ်ခုကနေ ရရှိသွားခဲ့တာပါ ။ ဈေးသည်က အဲဒီ ပယင်းကျောက်ထဲက အရာဟာ သစ်ပင်တစ်ပင်ရဲ့ အပိုင်းအစလို့ပြောပေမယ့် အနှစ် ၃ဝ လေ့လာမှုအတွေ့အကြုံရှိတဲ့ တရုတ်ပညာရှင်ကတော့ အဲဒီ အမွှေးအမှင်တွေပါတဲ့ အစအနဟာ သစ်ပင်က မဟုတ်ဘူးဆိုတာ ချက်ခြင်းသိတယ်လို့ ဆိုပါတယ်။

Xing လီဒါ ရှင်း ဟာ ဘေဂျင်းမြို့ ဘူမိသိပ္ပံတက္ကသိုလ်က ပညာရှင်ဖြစ်ပါတယ်။ သူနဲ့အတူ ဗြိတိန်နဲ့ ကနေဒါ တက္ကသိုလ်တွေမှာရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေက အဲဒီပယင်းထဲက အမြီးကို သုတေသနပြုပြီးနောက် ဒါဟာ ဒိုင်နိုဆော အသေးစားလေးတစ်ကောင်ရဲ့ အမြီးပဲလို့ အဖြေထုတ်ခဲ့ကြပါတယ်။ စာကလေးငှက်လောက်ပဲ ရှိတဲ့ အဲဒီ ဒိုင်နိုဆောလေးဟာ ကမ္ဘာကျော် Jurassic Park ရုပ်ရှင်ထဲက မီးဖိုချောင်ထဲမှာ ကလေးတွေနောက်က လိုက်နေခဲ့တဲ့ ဒိုင်နိုဆောငယ်တွေနဲ့ အမျိုးချင်းအတော်နီးစပ်တယ်လို့ ဆိုပါတယ်။ နှစ်ပေါင်း ၉၉ သန်းက ဒိုင်နိုဆောအမြီးကို မြန်မာပြည်က ပယင်းကျောက်ထဲမှာ တွေ့ရှိခဲ့ရတဲ့သတင်းကို ကမ္ဘာ့မီဒီယာတွေက ဒီကနေ့ ကျယ်ကျယ်ပံျ့ပျံ့ ဖေါ်ပြနေကြပါတယ်။