ဒေါက်တာ ဇော်မြင့်မောင် အဂတိမှုငါးခုနဲ့ ထောင် ၂၁ နှစ် ချမှတ်ခံရ

အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မန္တလေး အိုးဘိုထောင်တွင်း တရားရုံးကနေ ဇွန်လ ၁၇ ရက်နေ့ ဒီနေ့မှာ အဂတိအမှု ငါးမှုအတွက် ထောင်ဒဏ် ၂၁ နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၅ နဲ့ စွဲဆိုထားတဲ့ အမှုအမှတ် (၆)၊ (၇)၊ (၈) သုံးမှုအတွက် တစ်မှုကို ငါးနှစ်စီနဲ့ ထောင်ဒဏ် ၁၅ နှစ်၊ အမှုအမှတ် (၉) နဲ့ (၁၀) ကိုတော့ တစ်မှုကို သုံးနှစ်စီနဲ့ ထောင်ဒဏ် ခြောက်နှစ်၊ စုစုပေါင်း ၂၁ နှစ် ချမှတ်ခဲ့တာပါ။

ဒေါက်တာဇော်မြင့်မောင်ကတော့ ဒီအမှုတွေနဲ့ ပတ်သက်လို့ သူ့မှာ အပြစ်မရှိကြောင်း မတ်လ ၈ ရက်နေ့ တရားရုံးချိန်းမှာ ထွက်ဆိုထားပါတယ်။

သူ့ကို ရာဇသတ်ကြီးပုဒ်မ- ၅၀၅(ခ)နဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) အတွက် ထောင်လေးနှစ်၊ ရွေးကောက်ပွဲမသမာမှု အမှုနှစ်မှုအတွက် ထောင်နှစ်နှစ်လည်း ချမှတ်ခံထားရတာကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ်ထိ ကျခံရမှာ ဖြစ်ပါတယ်။

ဒီနေ့အမိန့်ချလိုက်တဲ့ အဂတိအမှု ငါးမှုအတွက်တော့ အထက်ရုံးကို အယူခံတက်သွားဖို့ ရှိတယ်လို့ သူ့ရဲ့ ရှေ့နေတွေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

ဒီနေ့ တရားရုံးကိုလာရောက်တဲ့ ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးကောင်းမွန်နေတယ် လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နေ့ကနေ ဇွန်လအထိ NLD ပါတီခေါင်းဆောင်တွေအပါအဝင် NLD အစိုးရလက် ထက်က တာဝန်ယူခဲ့သူတွေ အဂတိမှုနဲ့ တရားစွဲဆိုခံနေရတာ ၇၀ ဦးအထိ ရှိပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ အခုလို အဂတိမှုတွေနဲ့ တရားစွဲဆို အရေးယူတာတွေဟာ NLD ပါတီကို နိုင်ငံရေးကနေ အပြီးတိုင်ဖယ်ရှားဖို့အတွက် စစ်ကောင်စီက ကြိုးပမ်းတဲ့လုပ်ရပ်တွေဖြစ်တယ်လို့ RFA ကို ပြောဆိုထားပါတယ်။