မိုးဗြဲမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် နေအိမ် ငါးဆယ်ခန့် ပျက်စီး

RFA Burmese
2024.12.26
မိုးဗြဲမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် နေအိမ် ငါးဆယ်ခန့် ပျက်စီး ရှမ်းပြည်နယ် မိုးဗြဲမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ ဒရုန်းဗုံးကြောင့် ပျက်စီးနေသည့် နေအိမ်တချို့အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။
Citizen Photo

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကို ပြန်လည်ရရှိဖို့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဒရုန်းနဲ့ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒီဇင်ဘာလအတွင်း မြို့ပေါ်က နေအိမ် ငါးဆယ်ကျော် ပျက်စီးသွားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပြောပါတယ်။

ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ပြန်ရရေးအတွက် မိုးဗြဲမြို့ပြင်က ခလရ-၄၂၂ တပ်ရင်းမှာ အင်အားဖြည့်တင်းပြီး စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ဒီဇင်ဘာလဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကြောင်းတွေဟာ ခလရ-၄၂၂ တပ်ရင်းကို ပြန်ဆုတ်သွားပေမဲ့ မြို့ပေါ်က နေအိမ် ၅၀ ကျော်ကတော့ ပျက်စီးသွားတယ်လို့ KNDF ပြန်ကြားရေးတာဝန်ခံ ကိုတာအယ်စိုးက RFA ကို ပြောပါတယ်။

“မိုးဗြဲမြို့ပေါ်ကို စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ကြောင်းထိုးဖို့ ကြိုးစားပေမဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးမှု မအောင်ဘူးလို့ ပြောလို့ရတယ်။ စစ်ကြောင်းကတော့ သူတို့ရဲ့ ၄၂၂ စခန်းအနီးကို ပြန်ဆုတ်ထားတယ်။ စစ်ကောင်စီက ဒရုန်းတွေနဲ့ ဗုံးတွေကြဲတဲ့အတွက် နေအိမ် အနည်းဆုံး ငါးဆယ်ကျော် ပျက်စီးသွားတယ်”

မိုးဗြဲမြို့ပေါ် သစ်ယာကုန်းနဲ့ ပေါ်ဦးရပ်ကွက် နှစ်ခုက နေအိမ်တွေ အများဆုံး ပျက်စီးတာဖြစ်ပြီး ဒေသခံတွေကတော့ ကြိုတင်တိမ်းရှောင်နေတာကြောင့် လူထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မိုးဗြဲမြို့အနီးက ကရင်နီ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဖယ်ခုံမြို့ကိုတော့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလထဲမှာ ဖယ်ခုံမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဖယ်ခုံမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့အရှေ့ဘက် ရွာတွေကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်နေပြီး မိုးဗြဲမြို့ အပါအဝင် ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် ကားလမ်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က ကြိုးပမ်းနေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။