စစ်ကောင်စီ အဘက်ဘက်က ကျရှုံးနေကြောင်း အရှေ့တီမော သမ္မတပြော

RFA Burmese
2024.08.23
စစ်ကောင်စီ အဘက်ဘက်က ကျရှုံးနေကြောင်း အရှေ့တီမော သမ္မတပြော ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် အရှေ့တီမောနိုင်ငံ သမ္မတ Jose Ramos Horta မိန့်ခွန်းပြောကြားနေစဉ်။
Reuters

စစ်ကောင်စီဟာ မြန်မာ့အရေးမှာ အဘက်ဘက်က ကျရှုံးနေပြီလို့ အရှေ့တီမောသမ္မတ ဟိုးဆေးရာမို့စ်ဟော်တာက သြဂုတ်လ ၂၁ ရက်နေ့မှာ ကျင်းပတဲ့ “မြန်မာ့နွေဦး တော်လှန်ရေးရဲ့ အောင်မြင်မှုတွေအပေါ် ရှုမြင်ချက်များ”ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

သမ္မတ ဟိုးဆေးရာမို့စ်ဟော်တာက စစ်ကောင်စီဟာ နိုင်ငံတကာမှာလည်း ယုံကြည်လေးစားမှုတွေ ဆုံးရှုံးနေသလို အာဏာသိမ်းသုံးနှစ်အတွင်း ကျရှုံးမှုတွေ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“ဒီနေ့မှာ အာဏာသိမ်း သုံးနှစ်ပြည့်မှာ မျှော်လင့်ချက်တွေ အရှေ့အလားအလာတွေ မြင်လာရပါပြီ။ တပ်မတော်ဆိုတဲ့ စစ်တပ်ဟာ စစ်ရှုံးနေပြီ။ နိုင်ငံရေး စစ်မျက်နှာမှာလည်း ကျဆုံးနေပြီ။ ကဏ္ဍအားလုံးမှာ ကျရှုံးနေပါပြီ။ လေးစားခံရမှုတွေ ဆုံးရှုံးသွားတယ်။ ပြည်သူလူထုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယုံကြည်လေးစားမှု အားလုံးကိုလည်း ဆုံးရှုံးခဲ့ပြီဖြစ်ပါတယ်”

ဒီမိုကရေစီ တိုက်ပွဲဝင်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေဟာ ဒီတိုက်ပွဲမှာ အနိုင်ရနေပြီး ဆက်လက်တိုက်ပွဲဝင်သွားကြဖို့လည်း အရှေ့တီမော သမ္မတက တိုက်တွန်းပါတယ်။

သူဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်သလို NUG အပါအဝင် နိုင်ငံတစ်ဝန်း ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ လက်နက်ကိုင် ခုခံတော်လှန်မှုတွေကို ထောက်ခံအားပေးသူလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီပြောဆိုချက်နဲ့ပတ်သက်လို့ တစ်စုံတစ်ရာ တုံ့ပြန်ထားတာ မရှိသေးပါဘူး။

သြဂုတ် ၂၁ ရက်နေ့က ဆွေးနွေးပွဲမှာ အရှေ့တီမော သမ္မတ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်တို့လည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ မြန်မာ့သတင်း - BNI - Myanmar Peace Monitor ရဲ့ သြဂုတ် ၂၂ ရက်နေ့ ထုတ်ပြန်ချက်တွေအရ နိုင်ငံတစ်ဝန်း စစ်ရှိန်မြင့်လာပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေက မြို့ပေါင်း ၇၆ မြို့ကို သိမ်းပိုက်ထားတယ်လို့ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။