ယင်းမာပင်မြို့ ရင်ပေါင်တိုင်ရွာ အလောင်းရှစ်လောင်းတွေ့

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက် တပ်စွဲပြီးနောက် အသတ်ခံထားရတဲ့ အလောင်းရှစ်လောင်း တွေ့ခဲ့ရသလို ဓားစာခံအဖြစ် ဖမ်းထားသူတွေကိုလည်း ဩဂုတ်လ ၁၄ ရက် ဒီနေ့ မနက်ပိုင်း စစ်ရဟတ်ယာဉ်နဲ့ လာခေါ် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၉ နာရီလောက် ရင်ပေါင်တိုင်ရွာနဲ့ ပုလဲနယ်က ရွာနောင်ရွာတွေကို စစ်ရဟတ်ယာဉ်နှစ်စင်းနဲ့ နာရီဝက်ကြာ လာရောက်ပစ်ခတ်ပြီး ဓားစာခံအဖြစ်ဖမ်းထားတဲ့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အချို့အပြင် ဒဏ်ရာရနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြန်ခေါ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ပြန်သွားပြီးနောက် ရွာထဲမှာ အလောင်းတွေ တွေ့ခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရင်ပေါင်တိုင်ရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရဟတ်ယာဉ်အမျိုးအစား Mi 35 နဲ့ Mi 17 နှစ်စင်းနဲ့ လာတယ်။ ကျနော်တို့ရွာက မဟုတ်ဘဲ တခြားရွာတွေက ဓားစာခံ ခေါ်လာတဲ့ ပြည်သူတွေကိုပါ ခေါ်သွားတယ်။ စစ်ကောင်စီထဲက ဒဏ်ရာရတဲ့ကောင်တွေပါ ပြန်ခေါ်သွားတယ်။ မီးရှို့ခံထားတဲ့ ဒေသခံ ဦးခေါင်းခွံ ခြောက်ခုတွေ့တယ်။ အဲဒါက အမျိုးသမီးလား၊ အမျိုးသားလား ခွဲနေတုန်းပေါ့။ ရွာ အလယ်နားမှာ ဒီအတိုင်း ပစ်သတ်ထားတဲ့ အမျိုးသမီးအလောင်း တစ်လောင်းလည်း တွေ့တယ်။ အဲဒီအနားမှာပဲ နောက်ထပ် အမျိုးသားအလောင်းတစ်လောင်း ထပ်တွေ့ တယ်"

အဖမ်းခံရသူ အရေအတွက် တိတိကျကျကိုတော့ မသိရသေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

အင်အားတစ်ရာနီးပါးရှိတဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့ကတည်းက အိမ်ခြေနှစ်ရာနီးပါးရှိတဲ့ ရင်ပေါင်တိုင်ရွာကို ဝင်ရောက်ခဲ့ပြီးနောက် ဈေးအပါအဝင် လူနေအိမ် ၂၀ ကျော် မီးရှို့ခံခဲ့ရသလို ကျွဲ၊ နွား၊ တိရစ္ဆာန်နဲ့ အဖိုးတန်ပစ္စည်းတချို့ကိုလည်း စစ်ကောင်စီတပ်သားတွေက ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းအထိ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း ကာကွယ်ရေးအဖွဲ့ဝင်ငါးဦး ထိခိုက်ဒဏ်ရာရခဲ့သလို ၁၀ ဦးကျော် အဖမ်းခံခဲ့ရပြီး စစ်ကောင်စီဘက်ကလည်း ၃၀ ကျော် သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။