မြ၀တီ အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ရှစ်ဦး ပြန်လွတ်လာ
2024.07.23
ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့နယ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ရှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဇူလိုင်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကယ်ဆယ်ခဲ့တဲ့ အိန္ဒိယနိုင်ငံသားတွေကို စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံသား ၁၁ ဦးကို ကယ်ထုတ်နိုင်ခဲ့တာကြောင့် ဒီရက်ပိုင်းအတွင်း မြ၀တီမြို့နယ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ပြန်လည်လွတ်မြောက်လာသူ အိန္ဒိယနိုင်ငံသား ၁၉ ဦးအထိ ရှိလာပါတယ်။
အိန္ဒိယသံရုံးကတော့ တရားမဝင် အလုပ်အကိုင်တွေ ခေါ်ယူမှုတွေနဲ့ ပတ်သက်ပြီးသွေးဆောင်မခံရဖို့ အကြံပေးချက်ကို လေးနက်စွာ ထပ်လောင်းပြောကြားလိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အိန္ဒိယလူငယ်တွေကို ပစ်မှတ်ထားပြီး အလုပ်အကိုင်လိမ်လည်ခေါ်ယူမှုတွေနဲ့ ပတ်သက်ပြီး အကြံပေးချက်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ထုတ်ပြန်ထားတာပါ။
ရွှေကုက္ကိုမြို့သစ်ဒေသဟာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ၊ လူကုန်ကူးခံရမှုတွေ၊ ငွေလိမ်ဂိုဏ်းတွေမှာ လူတွေ ပိတ်လှောင်နှိပ်စက်ခံရတာတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကြောင့် နိုင်ငံတကာက အာရုံစိုက် စောင့်ကြည့်နေကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ နယ်ခြားစောင့်တပ် (BGF) ကတော့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေ မေလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်အထိ ခြောက်လအတွင်း ထွက်ခွာဖို့ သတိပေးစာထုတ်ထားပါတယ်။
ဒါပေမဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကတော့ ဒီနေ့အထိ ဆက်လက်လည်ပတ်နေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။