မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဂျင်မီကာတာ ချီးကျူး

0:00 / 0:00

မြန်မာနိုင်ငံက ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် အစိုးရရဲ့ကြိုးပမ်းဆောင်ရွက်မှုကို ချီးကျူးကြောင်း The Elders ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ အကြီးအကဲဖြစ်သူ အမေရိကန်သမ္မတဟောင်း Jimmy Carter က ဒီနေ့ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို ၃ ရက်ကြာရောက်ရှိနေတဲ့ ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ရဲ့ ရန်ကုန်မြို့ Strand Hotel မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် သမ္မတဟောင်း Jimmy Carter က အခုလို ချီးကျူးပြောဆိုခဲ့တာပါ။

"ကျနော်တို့ ဝန်ကြီးဦးအောင်မင်း နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊ အစိုးရရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာတွေကို တစ်ကမ္ဘာလုံးကလည်း ချီးကျူးနေကြတာပါ၊ လတ်တလောနှစ်ဖွဲ့ကတော့ ကျန်နေပါသေးတယ်၊ အဲဒါကလည်း မကြာခင်ကာလမှာ အဆင်ပြေမယ်လို့ ယူဆပြီး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကိုတော့ လာမယ့် နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလထဲမှာ ကျင်းပသွားနိုင်မယ်လို့ မျှော်လင့်ကြောင်း သိရပါတယ်" လို့ အမေရိကန် သမ္မတဟောင်း Jimmy Carter က ပြောကြားသွားပါတယ်။

ကမ္ဘာ့ခေါင်းဆောင်ဟောင်းသုံးဦးဖြစ်တဲ့ အမေရိကန်သမ္မတဟောင်း Jimmy Carter ၊ နော်ဝေဝန်ကြီးချုပ်ဟောင်း Gro Harlem Brundtland၊ ဖင်လန်နိုင်ငံသမ္မတဟောင်း Martti Ahtisaari တို့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းထောက်ခံလာအောင်နဲ့ နိုင်ငံအပြောင်းအလဲမှာ အားလုံးပါဝင်လာအောင် တိုက်တွန်းတဲ့ရည်ရွယ်ချက်နဲ့ လာရောက်တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့ဟာ မနေ့က သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့ ညနေပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ရဲ့ ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။