ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်ခဲ့သူ ငါးရာကျော် ရွေးကောက်ပွဲအမှုနဲ့ အရေးယူခံထားရ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ NLD အစိုးရ အဖွဲ့ဝင်တွေ အပါအဝင် ၂၀၂၀ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ယူခဲ့သူတွေ အပါအဝင် ၅၀၅ ဦးကို ရွေးကောက်ပွဲ မသမာမှုတွေနဲ့ အရေးယူထားတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဩဂုတ်လ ၁၇ ရက် ဒီနေ့ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ထည့်သွင်းပြောဆိုခဲ့တာပါ။

အရေးယူထားတဲ့ ၅၀၅ ဦးထဲမှာ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး အဆင့်ရှိသူတွေ၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD ပါတီ အောင်နိုင်ရေး အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို တာဝန်ယူကျင်းပပေးခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့် ဆင့်က အဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။

စစ်ကောင်စီက ဥပဒေကိုချိုးဖောက်ပြီး အာဏာသိမ်းထားတာကြောင့် အခုလိုရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ အရေးယူတာတွေဟာ တရားမဝင်ဘူးလို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့တဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေကလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အားနည်းချက် အနည်းငယ်ရှိခဲ့ပေမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ရွေးကောက်ပွဲအပြီးမှာ ထုတ်ပြန်ထားကြပါတယ်။