ဘူးသီးတောင်က ကျေးရွာတချို့မှာ လက်နက်ကြီးကျလို့ ရွာလုံးကျွတ် ထွက်ပြေး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နွားယုံတောင်၊ သျှိသျှားတောင်၊ စန်ဂိုးတောင်၊ ဥယျာဉ်သာ၊ ကွင်းသာနဲ့ စပါးထာ စတဲ့ကျေးရွာမှာ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့လို့ ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

သက်ကြီးရွယ်အိုတွေကို လူနာတင်ကားတွေနဲ့ ဒီကနေ့ သွားရောက်ကယ်ဆယ်ပေးနေတယ်လို့ ဒီကနေ့ မနက်ပိုင်းက နွားယုံတောင်ကို ကိုယ်တိုင်ရောက်နေတဲ့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက RFA ကို ပြောပါတယ်။

ဧပြီလ ၁၉ ရက်နေ့က အဲဒီနွားယုံတောင် အနီးတစ်ဝိုက်ကျေးရွာ အတော်များများမှာ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့လို့ ရွာလုံးကျွတ်ထွက်ပြေးနေကြရတာလို့ ဦးထွန်းအောင်သိန်း က ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ်ထဲ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား တာမရှိခဲ့ဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး နဲ့ AA ပြောခွင့်ရသူ ခိုင်သုခ တို့က RFA ကို ပြောပါတယ်။

တပ်မတော်ဖက်ကလည်း လက်နက်ကြီးပစ်တာမရှိသလို လေကြောင်းပစ်တာမျိုးတွေ ဒီရက်ပိုင်းမှာ မရှိခဲ့ဘူးလို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ဧပြီလ ၁၉ ရက်နေ့တွေက စန်ဂိုးတောင်၊ နွားယုံတောင်၊ သျှိသျှားတောင် စတဲ့ ကျေးရွာအနီးတစ်ဝိုက် တွေကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာကြောင့် ဒေသခံတွေဟာ မနေရဲကြတော့ဘဲ ရွာလုံးကျွတ် ထွက်ပြေးကြတာလို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးလုပ်ပေးနေသူတွေက ပြောပါတယ်။

၁၉ ရက်နေ့ မနက်ပိုင်းကစပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ပြီး ရွာအနီးနားက တောင်ကုန်းတွေဆီ လက်နက်ကြီးကျည်တွေ ကျရောက်တာဖြစ်လို့ ေးသခံရွာသားတွေလည်း မနေရဲတော့ဘဲ ကြောက်လန့်ကာ ထွက်ပြေးနေကြရတာလို့ နွားယုံတောင်ရွာသား ကိုတင်ဝင်းက ပြောပါတယ်။

"၁၉ ရက်နေ့ မနက် ၇ နာရီကဆိုရင် ၈ နာရီခွဲလောက်မှ ပြီးတယ်၊ ၂ နာရီမှာ စပစ်တယ် နောက် ၄ နာရီ လောက်မှပြီးတယ်၊ နွားယုံတောင်မှာဆိုရင်တော့ အိမ်တွေထဲမှာ ကျတာမရှိဘူး၊ အနီးနားကတောင်တွေ မှာကျတာ၊ အဲဒါကိုကြောက်ပြီးတော့ စံဂိုးတောင်၊ နွားယုံတောင်၊ သျှိသျှားတောင်၊ ဥယျာဉ်သာရယ် ၄ ရွာရှိတယ်၊ ကွင်းတောင်ရယ်၊ စပါးထာရယ် ၊ စည်တောင်၊ ကန်ပြင် အဲဒီရွာတွေ အကုန်လုံး ထွက်ပြေးကြတာပဲ၊ နွားယုံတောင်မှာဆိုရင် အိမ်ခြေ ၁၇၀ လောက်ရှိတယ်၊ မြန်မာ့တပ်မတော်ဖက်ကနေ တပ်မ ၂၂ ကနေ ပစ်တာပါ"

ရွာထဲမှာ မသွားနိုင်မလာနိုင်ကြတဲ့ အသက် ၉၀ ကျော်အရွယ်နဲ့ ကျန်သက်ကြီးရွယ်အိုတချို့ ကျန်နေခဲ့တာကြောင့် သူတို့ကို လူမှုရေးအသင်းတွေက လူနာတင်ကားတွေနဲ့ ဒီကနေ့ မနက်ပိုင်းမှာ သွားခေါ်ခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က ပြောပါတယ်။

"နွားယုံတောင်ကျေးရွာက ၅ ယောက်ရယ် သျှိသျှားတောင်ကျေးရွာက တစ်ယောက်ရယ်၊ သျှိသျှားတောင်ရွာ ဘုန်းကြီးကျောင်းနောက်မှာဆိုရင် လက်နက်ကြီးကျည်က မပေါက်သေးဘဲ ဒီအတိုင်းရှိနေတာ ကို တွေ့ခဲ့ရတယ်၊ တိုက်ပွဲဖြစ်တယ်လို့ မကြားမိဘူးခင်ဗျ၊ အဝေးကနေ လက်နက်ကြီးတွေပစ်လို့ ကျည် ကျလို့ ရွာသားတွေ ထွက်ပြေးလာတာလို့ ရွာသားတွေကပြောပါတယ်၊ သက်ကြီးရွယ်အိုက အကြီးဆုံး ၉၆ နှစ် တောင်ပါပါတယ်၊ သူ့မှာတော့ မျက်စိတစ်ဖက်က မမြင်ဘူး၊ နောက် လေဖြတ်နေတာ၊ မျက်စိလုံး ဝမမြင်တဲ့ အဖွားကြီးတစ်ယောက်လည်း ပါလာတယ်၊ အဲဒီအဖွားကြီးဆိုရင် မနေ့က တစ်ရက်လုံး ရေတောင် မသောက်ခဲ့ရတဲ့ အခြေအနေရှိတယ်၊ ဒီနေ့ ကျွန်တော်တို့ပါသွားတဲ့ ထမင်းတွေကျွေးလို့ နဲနဲ အခြေအနေတော့ ကောင်းသွားပြီ၊ ဒါပေမဲ့ ပြည်သူ့ဆေးရုံတင်ပြီးတော့ ကုသမှုတွေလုပ်ပြီးတော့ စစ်ဖို့အတွက် ဆေးရုံမှာပြပေးတယ်ခင်ဗျ၊ သူတို့ကိုထားဖို့အတွက် ရန်အောင်ပြင်ဆရာတော်က တာဝန်ယူ ထားပါတယ်"

အဲဒီကျေးရွာအနီးတစ်ဝိုက်မှာ သေနတ်တွေနဲ့ ပစ်ခတ်တာမျိုးတွေမရှိဘဲ လက်နက်ကြီးတွေနဲ့သာ ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ရွာသားတွေက ပြောကြသလို တိုက်ပွဲပုံစံမျိုး ဖြစ်ပွားတာမျိုးလည်းမရှိဘူးလို့ ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲ ကြီးကြီးမားမားဖြစ်ပွားတာမျိုး မရှိဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က RFA ကို ပြောပါတယ်။

"အဲဒီသတင်းတော့ ကျွန်တော်မကြားဘူးခင်ဗျ၊ တိုက်ပွဲလည်း မဖြစ်ဘူးခင်ဗျ၊ နွားယုံတောင်ဖက်မှာ မဖြစ်ဘူးခင်ဗျ၊ ကျွန်တော်တို့ ၁၈ ၁၉ မှာ တိုက်ပွဲလည်းမဖြစ်ဘူးခင်ဗျ၊ လောလောဆယ် လက်နက်ကြီးကို မပစ်ရသေးဘူးခင်ဗျ အဲဒီဖက်ကို လောလောဆယ် ပစ်တာခတ်တာကို မရှိဘူးခင်ဗျ။ အဲဒီသတင်းက မဟုတ်ပါဘူးခင်ဗျ၊ ထိတွေ့မှု သာမန်ပါပဲ ကြီးကြီးမားမားကို မရှိပါဘူး၊ မနေ့ကလည်း ရဟတ်ယာဉ်သုံးကို မသုံးဘူး၊ ရဟတ်ယာဉ် မသုံးတာကြာနေပြီခင်ဗျ ကျွန်တော်ကတော့ အဲဒါဝါဒဖြန့်တယ်လို့ပဲ သုံးသပ်တယ်ခင်ဗျ"

AA ပြောခွင့်ရသူ ခိုင်သုခ ကလည်း အဲဒီနေရာမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားတာမျိုးတော့ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

"တိုက်ပွဲဖြစ်ပွားတာမရှိဘူး၊ သူတို့ပစ်ခတ်နေတဲ့ စံဂိုးတောင်တို့ နွားယုံတောင်တို့ဖက်မှာ ဘာမှတိုက်ပွဲ ဖြစ်ပွားတာမရှိဘူး၊ နွားယုံတောင်ဖက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့ ရှင်းလင်းရေးလုပ်နေတာ၊ AA ကနေပြီးတော့ ဗမာစစ်တပ်က အဲဒီရွာမှာ ရှင်းလင်းရေးလုပ်ရင် ဘယ်သူကနေ ခိုအောင်းနေမလဲနော်"

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေတာ ၅ လ နီးပါးကြာမြင့်နေပြီဖြစ် ပြီး လက်တွေ့ဖြစ်စဉ်တွေကို အတည်ပြုပေးနိုင်ဖို့ကလည်း ခက်ခဲနေပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်ဖြစ်ပွားလာတဲ့ အစိုးရတပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားစုစုပေါင်း ၅၀ ကျော်သေဆုံးခဲ့တယ်လို့ တပ်မတော် ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အစိုးရရဲ့ စာရင်းတွေအရ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူစုစုပေါင်း ၂ သောင်း ၆ ထောင်ကျော်နေပြီလို့ သိရပါတယ်။

ဒါကတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက ကျေးရွာတွေမှာ လက်နက်ကြီးကျည်တွေ ကျရောက်လို့ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတဲ့အကြောင်း နားဆင်ခဲ့ရတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။