ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ချက်ချင်းလွှတ်ဖို့ EU တောင်းဆို

2022.08.16
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ချက်ချင်းလွှတ်ဖို့ EU တောင်းဆို EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell ကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ၂၀၂၂ ခုနှစ် ဧပြီ ၈ ရက်နေ့က တွေ့ရစဉ်
Photo: AFP

စစ်ကောင်စီလက်အောက်ခံ တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင် ထပ်ချ လိုက်တဲ့ တရားစီရင်ချက်ဟာ တရားမျှတမှု မရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ ဥရောပသမဂ္ဂ (EU) က တောင်းဆိုလိုက်ပါတယ်။

ဩဂုတ်လ ၁၅ ရက် မနေ့က ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ခြောက်နှစ် ချမှတ်တဲ့အပေါ် ရှုတ်ချတယ်လို့လည်း EU ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell က လူမှုကွန်ရက်စာမျက်နှာ တွစ်တာကနေ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကို အလေးထားပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့လည်း Josep Borrell က တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာ သိမ်းပြီးနောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရပြီး အဲဒီအထဲက ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ ဆက်စပ်ပြီး စွဲဆိုထားတဲ့ အဂတိလေးမှုအတွက် နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကနေ မနေ့က ထောင်ခြောက်နှစ် ထပ်မံချလိုက်တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလအထိ အမှုခြောက်မှုအတွက် ထောင် ၁၁ နှစ် ချမှတ်ခံထားရတာကြောင့် အခုအချိန်ထိ စုစုပေါင်း ၁၇ နှစ်ရှိပြီဖြစ်ပါတယ်။

အခုအမိန့်ချမှတ်ထားတဲ့ အမှုတွေအပြင် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ- ၃ (၁) (ဂ) အမှုအပါအဝင် ကျန်ရှိနေတဲ့ အမှု ကိုးမှုအတွက် နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ ဆက်လက်တရားရင်ဆိုင် နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။