စစ်ကောင်စီက ပြည်သူလူထုအပေါ် ရာဇဝတ်မှုကျူးလွန်နေတာတွေကို နိုင်ငံတကာတရားရေးခုံရုံးတွေမှာ အရေးယူဆောင်ရွက်ဖို့အပါအဝင် သုံးချက်ကို ဥရောပသမဂ္ဂ (EU) နိုင်ငံတွေက လုပ်ဆောင်ပေးဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) က မတ်လ ၁၆ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီက မြန်မာပြည်သူလူထုအပေါ်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာက တိတိကျကျ အရေးယူဆောင်ရွက်နိုင်တာမရှိသေးတဲ့အတွက် တောင်းဆိုလိုက်တာလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းက ပြောပါတယ်။
“စကစကို တိတိကျကျ နိုင်ငံတကာဥပဒေတွေနဲ့ မြန်မာနိုင်ငံသားတွေအတွက် တရားမျှတမှုပေါ့နော်။ ဒါကို နိုင်ငံတကာတရားရုံးကနေဖြစ်ဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းကနေပဲဖြစ်ဖြစ် ဒါကိုအကောင်အထည်မဖော်နိုင်သေးဘူးလို့ ကျွန်တော်တို့တွေ့ရတယ်။ အဲဒီလိုအကောင်အထည် မဖော်နိုင်သေးတဲ့အတွက်လည်း စကစဘက်က ပြည်သူလူထုတွေအပေါ်မှာ ပိုပြီးတော့မှ ဆိုးဆိုးရွားရွားချိုးဖောက်မှုတွေ၊ သတ်ဖြတ်မှုတွေ နေ့စဉ်နဲ့အမျှပေ့ါနော်။ ဒါကလည်း နိုင်ငံတကာက အရေးယူမှုအားနည်းလို့ပဲလို့ ကျွန်တော်တို့ သုံးသပ်မိပါတယ်”
ဒါ့အပြင် စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတင်ပို့နေတာတွေနဲ့ လေယာဥ်ဆီတင်ပို့နေတာတွေကို ချက်ချင်းရပ်တန့်ပေးဖို့နဲ့ စစ်ဘေးဒုက္ခသည်ပြည်သူတွေအတွက်လိုအပ်တဲ့ လူသားချင်းစာနာမှုအကူအညီတွေ ကူညီရာမှာ စစ်ကောင်စီထံမရောက်ရှိရေးနဲ့ ပြည်သူတွေထံကို တိုက်ရိုက်ကူညီပေးအပ်သွားရေးတို့ကို EU ခေါင်းဆောင်တွေကို တိုက်တွန်းထားပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ်ကျူးလွန်နေတာတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ တာဝန်ရှိသူတွေထံကို MSFC ရဲ့တိုက်တွန်းစာကို ပို့ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။
MSFC ရဲ့ မတ်လ ၁၆ ရက်နေ့က တိုက်တွန်းချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ သံရုံးတွေကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။