အာဆီယံအထူးသံတမန် တွေ့လိုတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ခွင့်ပေးဖို့ EU ထုတ်ပြန်

အာဆီယံအထူးသံတမန် အယ်ရီဝမ်ယူစွပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူတွေ့လိုတဲ့ပုဂ္ဂိုလ်တွေ အားလုံးကို စစ်ကောင်စီဘက်က လွတ်လွတ်လပ်လပ် တွေ့ခွင့်ပြုဖို့ ဥရောပသမဂ္ဂ (EU)က ဒီနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ကို စစ်ကောင်စီဘက်က တွေ့ခွင့်မပေးတာကြောင့် အာဆီယံ အထူးသံတမန်ရဲ့ ခရီးစဉ် ပျက်ခဲ့ရပြီးနောက် EU ဘက်က အခုလိုကြေညာချက် ထုတ်ပြန်တိုက်တွန်းတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လတ်တလော အခြေအနေတွေကို ဖြေရှင်းဖို့ စစ်ကောင်စီဘက်နဲ့ အတိုက်အခံတွေကြား နိုင်ငံရေးဆွေးနွေးပွဲတစ်ခု လုပ်ဖို့လိုနေပြီး အဲ့ဒီအစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအုပ်စုတွေ၊ နိုင်ငံရေး ပါတီ‌တွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ အကုန်ပါဝင်ဖို့လိုတယ်လို့ EU ရဲ့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းဘက်က အာဆီယံအထူးသံတမန်အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်တို့က ဒီအစည်းအဝေးကို ဦးဆောင်ဖို့ လိုပြီး အီးယူအနေနဲ့လည်း အပြည့်အဝ ကူညီပေးမယ်လို့ ဆိုပါတယ်။

အီးယူဘက်က တွေ့ဆုံဆွေးနွေးရေးကို လိုလားနေပေမယ့် စစ်ကောင်စီကတော့ အကြမ်းဖက်မှုတွေ လှုပ်ရှားနေတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ မရှိသလို၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကလည်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးစရာမလိုဘူးလို့ နှစ်ဖက် အပြန်အလှန် ပြောဆိုထားတာ ဖြစ်ပါတယ်။

မနေ့က စတင်ဖို့ စီစဉ်ထားတဲ့ အာဆီယံ အထူးသံတမန် အယ်ရီဝမ်ယူစွပ် မြန်မာပြည်ခရီးစဉ်ဟာ စစ်ကောင်စီဘက်က လိုက်လျောမှုတချို့ မရှိတာကြောင့် ပျက်ကွက်ခဲ့ရပြီး ဘယ်တော့ပြန်စီစဉ်မလဲဆိုတာကို မသိရသေးပါဘူး။ ဒီခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အမှုရင်ဆိုင်နေရသူတွေနဲ့ ပေးမတွေ့နိုင်ဘူးလို့ RFA ကိုပြောထားပါတယ်။

ဒီကနေ့ ဥရောပသမဂ္ဂ (EU) ရဲ့ ကြေညာချက်ထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။