စစ်တပ်အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်းထားတဲ့ စစ်ကောင်စီအပါအဝင် လူပုဂ္ဂိုလ် ၁၉ ဦးကို ဥရောပသမဂ္ဂ (EU) က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက် ဒီကနေ့ တိုးချဲ့ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖွဲ့စည်းထားတဲ့ စစ်ကောင်စီအဖွဲ့ဟာ မြန်မာပြည်တွင်း ငြိမ်းချမ်းရေး ဒီမိုကရေစီရေးကို ပျက်ပြားစေလို့ အရေးယူတာဖြစ်တယ်လို့ ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အရေးယူခံရတဲ့ စီးပွားရေး လုပ်ငန်းရှင် သုံးဦးထဲက ဦးတေဇနဲ့ ဦးနိုင်ထွဋ်အောင်တို့ဟာ ၂ဝ၁၇ ခုနှစ် ရိုဟင်ဂျာ နယ်မြေရှင်းလင်းရေးဖြစ်ရပ်မှာ စစ်တပ်ကို ငွေကြေးထောက်ပံ့ခဲ့ကြပြီး ဦးအောင်မျိုးမြင့်ကတော့ စစ်တပ်အတွက် လက်နက်ပွဲစားလုပ်ပေးခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။
ဝန်ကြီးဒေါက်တာကံဇော်ကတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကတစ်ဆင့် စစ်ကောင်စီအတွက် ဘဏ္ဍာငွေရှာပေးနေတယ်လို့ ဆိုပါတယ်။
တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနဲ့ တရားရေးဆိုင်ရာအဖွဲ့ကတော့ ရွေးကောက်ခံနိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီး၊ စွပ်စွဲချက်ပုဒ်မတွေတပ် အရေးယူတဲ့နေရာမှာ ပါဝင်ပတ်သက်တာကြောင့် အရေးယူခံရတာပါ။
စစ်ကောင်စီခန့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ကတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ အရေးယူဖို့၊ မဲမသမာမှုနဲ့ အရေးယူဖို့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီခန့် အကျဉ်းဦးစီးညွှန်ချုပ်နဲ့ ဒုညွှန်မှူးတို့ကတော့ အင်းစိန်ထောင်အပါအဝင် နိုင်ငံတဝန်း ထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက် နှိပ်စက်တာကြောင့် အရေးယူခံရတာပါ။
လေတပ်ဦးစီးချုပ်အပါအဝင် ဒုဗိုလ်ချုပ်ကြီးတွေ တိုင်းမှူးတွေကတော့ နိုင်ငံတဝန်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် အရေးယူတာလို့ အီးယူရဲ့ ထုတ်ပြန်ချက်မှာ ပါပါတယ်။
အရေးယူခံရသူစာရင်း
စစ်ကောင်စီ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သောအဖွဲ့။
ဒေါက်တာကံဇော် - စစ်ကောင်စီခန့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး
ဦးထွန်းထွန်းဦး - စစ်ကောင်စီခန့် တရားသူကြီးချုပ်
ဒေါက်တာဆွေဆွေအောင် - စစ်ကောင်စီခန့် ဥပဒေရေးရာ ညွှန်/ချုပ်
ဦးဇော်မင်း - စစ်ကောင်စီခန့် အကျဉ်းဦးစီး ညွှန်/ချုပ်
ဦးဇာ်လင်းအောင် - စစ်ကောင်စီခန့် အကျဉ်းဦးစီး ဒုညွှန်မှူး (ရန်ကုန်)
ဦးသန်းဆွေ - စစ်ကောင်စီခန့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ
ဦးကိုကိုလွင် - စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်
ဦးမင်းမင်းဦး - စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်
ဗိုလ်ချုပ်ထွန်းအောင် - လေတပ်ဦးစီးချုပ်
ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ် - အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး
ဒုဗိုလ်ချုပ်ကြီး အောင်စိုး - အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး
ဒုဗိုလ်ချုပ်ကြီး သက်ပုံ - အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး
ဗိုလ်ချုပ်ထိန်ဝင်း - တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ်ထင်လတ်ဦး - အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်မှူးချုပ် သန်းထိုက် - အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ်ညွန့်ဝင်းဆွေ - ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး
ဦးတေဇ - ခရိုနီစီးပွားရေးလုပ်ငန်းရှင်
ဦးအောင်မိုးမြင့် - Dynasty International Company Ltd ဒါရိုက်တာ (လက်နက်ပွဲစား)
ဦးနိုင်ထွဋ်အောင် - International Group of Companies ဒါရိုက်တာ