ထိုင်းနိုင်ငံ သင်္ဘောကျင်းမှာ ပေါက်ကွဲမှုဖြစ်ပြီး မြန်မာလုပ်သားနှစ်ဦး သေဆုံး
2024.08.12
ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်၊ ဘန်စိုင်မြို့ စနမ်ချိုင်ရွာက သင်္ဘောကျင်းတစ်ခုမှာ ဩဂုတ်လ ၉ ရက်နေ့က လုပ်ငန်းခွင်အတွင်း ပေါက်ကွဲမှုဖြစ်ခဲ့လို့ မြန်မာအလုပ်သမားနှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရာရခဲ့ပါတယ်။
ကနဦး စုံစမ်းမှုတွေအရ အလုပ်သမားတွေဟာ သင်္ဘောကျင်းမှာ ၀ရိန်ဆော်နေတဲ့အချိန် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။
ဒဏ်ရာရသူတွေကိုတော့ အယုဒ္ဓယဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲမှာ သုံးဦးက ဒဏ်ရာပြင်းထန်ပြီး တစ်ဦးကတော့ ဒဏ်ရာသက်သာလာတာကြောင့် ဆေးရုံကဆင်းပြီလို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။
လုပ်ငန်းခွင်အတွင်း ဖြစ်ခဲ့တာကြောင့် ထိခိုက်၊ သေဆုံးသူတွေအတွက် နစ်နာကြေးရနိုင်ဖို့ ဆောင်ရွက်သင့်ကြောင်း မြန်မာအလုပ်သမားများ ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“ထိုင်းလူ့အခွင့်အရေး ရှေ့နေများကောင်စီ (HRDF) ကို လမ်းကြောင်းတစ်ကြောင်း၊ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမား သံအရာရှိရုံးကို လမ်းကြောင်းတစ်ကြောင်းနဲ့ ဘ၀တူ လုပ်ဖော်ကိုင်ဖက်တွေက ကျန်ရစ်သူ မိသားစု ထိုင်းဥပဒေပါ အသက်ဖိုးလျော်ကြေးရရှိအောင် ဆောင်ရွက်သင့်တယ်။ ထိုင်းဥပဒေအရ အသက်လျော်ကြေးဟာ ဘတ်ငွေ ၁၅ သိန်းရမှာဖြစ်တယ်”
ထိုင်းသတင်းမီဒီယာတွေမှာတော့ သေဆုံးသူ ကိုကျော်မြတ်သူနဲ့ ကိုဝင်းထွန်းတို့ကို ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက နစ်နာကြေး ဘတ် ရှစ်သိန်းကျော်စီ အသီးသီးပေးအပ်သွားမယ်လို့ ဖော်ပြထားပါတယ်။
အခုပေါက်ကွဲမှုဖြစ်ခဲ့တဲ့ သင်္ဘောကျင်းဟာ လွန်ခဲ့တဲ့ ၈ နှစ်ကလည်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မြန်မာအလုပ်သမား လေးဦး သေဆုံးခဲ့ပါတယ်။