ရန်ကုန် နေရာလေးခုမှာ ဗုံးဆက်တိုက်ပေါက်ကွဲ၊ တစ်ဦး ဒဏ်ရာပြင်းထန်

ရန်ကုန်တိုင်းအတွင်းက ဒဂုံမြို့နယ် ဗိုလ်ရာညွန့်လမ်း၊ သာကေတမြို့နယ် မြင်တော်သာ လမ်းမ၊ လှိုင်သာယာမြို့နယ် (၁) ထိပ်နဲ့ သန်လျင်မြို့နယ် ရေကြောင်းလမ်းဆုံ စတဲ့ နေရာတွေမှာ ဇွန်လ ၁၆ ရက် ဒီနေ့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက်၊ ဗိုလ်ရာညွန့်လမ်းမှာ မနက် ၁၀ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အခင်းဖြစ်နေရာအနီးမှာရှိနေခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တစ်ဦးက ပြောပါတယ်။

"ကျနော့်ကားက ပေါက်ကွဲတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ပစ္စည်းချနေတာ။ ဝုန်းဆိုပြီး အသံကြားတာ သွားကြည့်တော့ အမျိုးသားတစ်ဦး ခြေကျင်းဝတ် ပြတ်ထွက်သွားတယ်။ မျက်နှာက စုတ်ပြတ်သွားတာ ဘယ်သူဘယ်ဝါ ခန့်မှန်းလို့မရအောင်ဘဲ။ ညာဘက် တစ်ခြမ်းလုံး စုတ်ပြတ်ကုန်တယ်။ ကျနော်ထင်တာ ထိတဲ့သူက လမ်းသွား၊ လမ်းလာပဲ ဖြစ်ဖို့များတယ်"

အများပြည်သူ အသုံးပြုနေတဲ့ လမ်းမတွေမှာ အခုလို မကြာခဏပေါက်ကွဲမှုတွေ ဖြစ်နေတာကြောင့် စိတ်မလုံခြုံမှု ဖြစ်စေတယ်လို့လည်း သူက ပြောပါတယ်။

အခြား သာကေတမြို့နယ်၊ လှိုင်သာယာမြို့နယ် (၁) ထိပ်နဲ့ သန်လျင်မြို့နယ်တွေက ပေါက်ကွဲမှုတွေမှာတော့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အင်းစိန်မြို့နယ်ထဲက လျှပ်စစ်မီတာရုံးမှာလည်း ဒီနေ့ နေ့လယ် ၂ နာရီလောက်က မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး တွေ့ရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က လာရောက်ဖြုတ်ယူ သွားခဲ့ပါတယ်။

ဒီနေ့ဗုံးဖောက်ခွဲမှုတွေဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကလည်း ကျောက်တံတားမြို့နယ်ထဲက ဘားလမ်းမှတ်တိုင်မှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် အရပ်သား ကိုးဦး ထိခိုက်ဒဏ်ရာရခဲ့သလို အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

ရန်ကုန်မြို့မှာ စစ်ကောင်စီက လုံခြုံရေးယူထားတဲ့ ရဲစခန်း၊ လျှပ်စစ်မီတာရုံးနဲ့ ယာဉ်ထိန်း ရဲရုံးတွေ အပြင် အခုလို အများပြည်သူ အသုံးပြုနေတဲ့ လမ်းတွေမှာပါ မကြာခဏ ဗုံးပေါက်ကွဲမှုတွေ ရှိနေတာကြောင့် မြို့ခံတွေအကြား စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။