ဖလမ်းမြို့နယ်မှာ ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ် ၁၂ လုံး မီးရှို့ဖျက်ဆီးခံရ

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးလမ်းမဘေးမှာရှိတဲ့ ရီရယ်သီးကျေးရွာက နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်းနဲ့ နေအိမ် ၁၂ လုံးကို စစ်တပ်က မနေ့က နေ့လယ်နဲ့ ဒီနေ့မနက်က မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရီရယ်သီးကျေးရွာဟာ ဖလမ်းမြို့နဲ့ ရှစ်မိုင်ခန့်ကွာဝေးပြီး စုစုပေါင်း အိမ် ၁၂ လုံးနဲ့ ဘုရားကျောင်း တစ်ကျောင်း သာ ရှိတဲ့ ရွာငယ်တစ်ခု ဖြစ်တဲ့အတွက် ရွာလုံးကျွတ် မီးရှို့ခံရတာဖြစ်ပါတယ်။
မနေ့က ညနေ ၃ နာရီလောက်မှာ လူနေအိမ် ရှစ်လုံးကို ကနဦး မီးရှို့ခဲ့ပြီးနောက် ဒီနေ့မနက်မှာလည်း နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းနဲ့ မီးမလောင်ဘဲ ကျန်နေတဲ့ အိမ်ငါးလုံးကို ထပ်မံ မီးရှို့လိုက်ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရီရယ်သီးကျေးရွာ ဘုရားကျောင်းက ဘာသာရေးဆရာတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီမနက်မိုးလင်းခါစမှာ ဘုရားကျောင်းနဲ့ ကျွန်တော်တို့ ပစ္စည်းလှောင်ထားတဲ့ ဂိုဒေါင်ပေါ့နော်။ အဲဒီနှစ်အိမ် ကို ဒီမနက်မိုးလင်းခါစမှာ မီးရှို့ထားတယ်။ ပြီးတော့ ကိုးနာရီလောက်မှာ ကျန်တဲ့ သုံးအိမ်ပေါ့နော်။ အဲဒါ လည်း တစ်ခါတည်း ရှို့သွားတာပေါ့။ တစ်ရွာလုံး ဘုရားကျောင်းအပါအဝင် တစ်ရွာလုံး မီးရှို့ထားပါတယ်။ မနေ့က ရှစ်အိမ် ရှို့ထားတယ်။ အားလုံးပေါင်း ဘုရားကျောင်းအပါအဝင် ၁၃ အိမ်ပါသွားတယ်”
မနေ့က စစ်ကား အစီး ၄၀ နဲ့ တင့်ကား နှစ်စီးပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖလမ်းမြို့နယ်ကနေ ဟားခါးမြို့ကို ဦးတည်လာစဉ် ရီရယ်သီးကျေးရွာကို မရောက်ခင် ငါးဖာလုံလောက်အကွာမှာ တပ်သားတွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF တပ်သားတွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်စစ်ကြောင်းဟာ ရီရယ်သီးကျေးရွာမှာ စခန်းချရပ်နားပြီး အိမ်တွေကို မီးရှို့ခဲ့တာလို့ ကျေးရွာသားတွေက ပြောပါတယ်။ ဘုရားကျောင်းနဲ့ နေအိမ်ငါးလုံးကို ဒီနေ့ မနက်က မီးရှို့ပြီးတဲ့နောက် ရွာကနေ ထွက်ခွာသွားကြတယ်လို့လည်း ပြောပါတယ်။
ကျေးရွာသားတွေဟာ မနေ့က ရွာဘက်ကို စစ်ကြောင်းရောက်လာချိန်ကနေ အနီးအနား တောတောင်တွေကို ထွက်ပြေးပုန်းအောင်းနေခဲ့ရပြီး စစ်တပ်က မီးရှို့တာကို အဝေးကနေ လှမ်းမြင်ခဲ့ရတာလို့ ရွာသားတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကလည်း ရီရယ်သီးရွာက ခရစ်ယာန်ဘုရားကျောင်း နဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့တယ်ဆိုတာကို အတည်ပြုထားကြောင်း RFA ကိုပြောပါတယ်။
"ဘာသာရေး လွတ်လပ်မှုကို တမင်သက်သက် ချိုးဖောက်တာပဲဖြစ်ပါတယ်"
ဒါဟာ အရပ်သားတွေနဲ့ ကိုးကွယ်တဲ့ဘာသာအပေါ်မှာ စစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေထဲက တစ်ခုဖြစ်တယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ဒုတိယအမှုဆောင် ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း က ပြောပါတယ်။
“ဒီလုပ်ရပ်က စစ်ရာဇတ်မှုလို့ပဲ ကျွန်တော်တို့မြင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရောက်တဲ့ နေရာတိုင်း မှာ လူတွေရှိတဲ့နေရာ၊ လူတွေ အစုအပုံလိုက်ရှိတဲ့နေရာတိုင်းကို သူတို့ဦးတည်ပြီး လုပ်တာ။ ဘာသာရေး လွတ်လပ်မှုကို တမင်သက်သက် ချိုးဖောက်တာပဲဖြစ်ပါတယ်။ အခုစစ်တပ်က ချင်းပြည်နယ်မှာ တကယ့် စစ်ဆင်ရေး စနေပြီဆိုတော့ ကျွန်တော်တို့ ဒီလိုမျိုးချိုးဖောက်မှုတွေ လုပ်ရပ်တွေက အများကြီး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယူဆလို့ရသလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒါကို အနီးကပ် စောင့်ကြည့်ပေးဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံချင်ပါတယ်”
အာဏာသိမ်းစစ်ကောင်စီတပ်တွေက ချင်းပြည်နယ်အတွင်းက ခရစ်ယာန်ဘုရားကျောင်းတွေကို ဖျက်ဆီးရာ မှာ အခုအကြိမ်ဟာ ရှစ်ကြိမ်မြောက်ဖြစ်တယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောပါတယ်။
ဒါပေမဲ့ အရင်က ဘုရားကျောင်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဘာသာရေးအသုံးအဆောင်တွေနဲ့ ကျမ်းစာအုပ်တွေကို ဖျက်ဆီးတာတွေသာ ရှိခဲ့ပြီး ဘုရားကျောင်းကို မီးရှို့တာကတော့ ဒါ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။
ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဒေါက်တာ ခလမ်ဆန်ဆွမ်ကတော့ ဘုရားကျောင်းတွေကို ရည်ရွယ်ချက် ရှိရှိ ကျူးလွန်နေတဲ့လုပ်ရပ်တွေကို လက်မခံနိုင်ဘူးလို့ RFA ကို ပြောပါတယ်။
“ကချင်ပြည်နယ်နဲ့ ရှမ်းပြည်ဘက်မှာ ကျွန်တော်တို့ အတွေ့အကြုံက ရှိပြီးသားပါ။ အဲလို ပဋိပက္ခကြားမှာ ဘာသာရေးအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်တာကိုတော့ ကျွန်တော်တို့က အမြဲတမ်း ကန့်ကွက်တာပဲ။ မတော်တဆဖြစ်တာကျတော့ တစ်မျိုးပေါ့နော်။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်တာလည်း အများကြီးပါတယ်။ ကျွန်တော်တို့ကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာမျိုးကိုတော့ လက်ခံလို့မရဘူး”

စစ်ကောင်စီကတော့ ရီရယ်သီးရွာက နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ်တွေ မီးလောင်တာ စစ်တပ်က လုပ်ဆောင်တာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
ဘယ်ဘာသာရေးအဆောက်အအုံကိုမှ ပစ်ခတ်တာမရှိဘူးလို့လည်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ မည်သည့်ဘာသာရေးအဆောက်အအုံကိုပဲ ဖြစ်ဖြစ်၊ မည်သည့် ရွာမှာပဲဖြစ်ဖြစ်၊ လူမှုရေးအဆောက်အအုံပဲဖြစ်ဖြစ် ပစ်ခတ်တာမရှိပါဘူး။ တိုက်ပွဲတွေ ရှိကောင်းရှိပါလိမ့်မယ်။ တိုက်ပွဲမှာ တစ်ခုခုဖြစ်တိုင်း တပ်က ပစ်တယ်လို့ ပြောလို့မရပါဘူး။ ဟိုဘက်ဒီဘက်ပစ်ကြတာပါပဲ။ ကျွန်တော်တို့ သိထားတာကတော့ အဲဒီဘက်မှာ တိုက်ပွဲဖြစ်စဉ်မရှိဘူးလို့ သိထားရတယ်။ ကျွန်တော်တို့ လက်တွေ့ ပြောနိုင်တာကတော့ တခြားအကြောင်းအရင်းတွေကြောင့်မလို့ မီးလောင်ပျက်စီးခဲ့တဲ့ ဘာသာရေး အဆောက်အအုံတို့ ဘာတို့ ကျွန်တော်တို့ ပြန်ဆောက်ပေးနေတာပဲ။ သတင်းလည်း ထုတ်ပြန်ပေးနေတာပဲ။ လက်တွေ့လည်း မြင်နိုင်ပါတယ်”
မြန်မာနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ ထန်ကျင့်လျန် ကတော့ နိုင်ငံ တစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ မငြိမ်သက်မှုတွေကြောင့် အောက်ခြေမှာ အခုလို ကြုံတွေ့နေရတာဖြစ်လို့ အမြန်ဆုံးငြိမ်းချမ်းဖို့ကို ဆုတောင်းပေးလိုကြောင်း RFA ကိုပြောပါတယ်။
“တိုင်းပြည်မငြိမ်းချမ်းတဲ့အခါကျတော့ ကျွန်တော်တို့အားလုံး ဒုက္ခရောက်တယ်။ ကျွန်တော်တို့ ဒါတော့ ငြိမ်းချမ်းမှုကို ရအောင်ပေါ့။ ဆုတောင်းပေးတယ်။ မေတ္တာပို့တယ်။ ကျွန်တော်တို့ သဘောထားတွေလည်း ကျွန်တော်တို့ ထုတ်ပြန်တာလည်း ရှိပါတယ်”
အောက်တိုဘာ ၁၃ ရက် မနေ့က ဖလမ်းမြို့နဲ့ ဟားခါးမြို့ကြား စစ်ကောင်စီစစ်ကြောင်းချီတက်လာတဲ့ ဖလမ်း - ဟားခါး လမ်းမကြီးတစ်လျှောက် လုံပီ၊ လုံရန်၊ ဇာလိုင်၊ တားလ် အစရှိတဲ့ ကျေးရွာ ကိုးရွာက ဒေသခံတွေဟာ တောတောင်တွေထဲ ကြောက်လန့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီနေ့အချိန်အထိ နယ်မြေချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံနဲ့ ဒေသတွင်းနီးစပ်ရာကို ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်ပေါင်း ငါးသောင်းနီးပါးရှိတယ်လို့ ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO) က ခန့်မှန်းထားပါတယ်။