ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းနဲ့ တောင်မဲသင်းရွာမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။
မတ်လ ၁၇ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင်လာတာကြောင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် (KNDF) မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီက စစ်ကြောင်းထိုးလာတာပေါ့နော်။ တောင်မဲသင်းရွာမှာက မနေ့က မနက်ပိုင်းကစပြီး ပြန်ဖြစ်တယ်။ ဒီမနက်ကျတော့ ဆောင်းပြောင်းရွာဘက်မှာ ဆက်ဖြစ်နေတယ်”
တိုက်ပွဲကြောင့် ဆောင်းပြောင်းနဲ့ တောင်မဲသင်းရွာက ဒေသခံတွေ နီးစပ်ရာကိုထွက်ပြေးနေရပေမယ့် အရေအတွက်အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတချို့က ပြောပါတယ်။
ပင်လောင်းမြို့နယ် တောင်ဘက်ပိုင်းရွာတွေကို မတ်လ ၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ (PNO) ပူးပေါင်းအဖွဲ့တွေ ပြန်လည်ထိုးစစ်ဆင်နေတာကြောင့် နမ့်ဖာမူနဲ့ ကာရားရွာတွေအနီးမှာပါ မတ်လ ၁၁ နေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
မတ် ၁၄ ရက်နေ့မှာ တိုက်ပွဲတွေ ခေတ္တရပ်သွားခဲ့ပေမယ့် မတ်လ ၁၇ ရက်နေ့မှာတော့ တောင်မဲသင်းရွာမှာ တိုက်ပွဲပြန်ဖြစ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
(KNDF) ပါဝင်တဲ့ မိုးဗြဲ၊ ဖယ်ခုံ စစ်ဆင်ရေးအင်အားစုကလည်း ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေအနေနဲ့ ကုန်လမ်း၊ ရေလမ်းတွေကနေ သွားလာတာမျိုးမလုပ်ကြဖို့ မတ်လ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
လက်အချိန်အထိ တိုက်ပွဲကြောင့် ပင်လောင်းမြို့တောင်ဖက်က တောင်မဲသင်း၊ ဆောင်းပြောင်း၊ ဗန်းမောဝ်၊ နမ့်ဖာမူ၊ ကားရာနဲ့ နောင်ဝိုးအပါအဝင် အနီးအနားရွာပေါင်း နှစ်ဆယ်ခန့်က ထွက်ပြေးနေရတဲ့ဒေသခံ တစ်သောင်းကျော်ရှိပြီလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
တိုက်ပွဲပြန်ဖြစ်နေတဲ့ ပင်လောင်းမြို့နယ် တောင်ဘက်ကရွာတွေမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လအထိ (KNDF)၊ မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သားသုံးဆယ်ကျော် သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။