စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ပျူစောထီးအများစု နေထိုင်တဲ့ အင်မထီးရွာကို 96 Soldiers-PDF (အညာဒေသတပ်ခွဲ) နဲ့ ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) တပ်ဖွဲ့ပူးပေါင်းပြီး ဩဂုတ်လ ၁၆ ရက်မနေ့က သွားရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သားငါးဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ဘက်က ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေပါ တပ်စခန်းချပြီးနေတာကြောင့် မနေ့ညနေ ၆ နာရီဝန်းကျင်မှာ သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ခဲ့တယ်လို့ 96 Soldiers-PDF (အညာဒေသတပ်ခွဲ) ပြောရေးဆိုခွင့်ရှိသူ ကိုဇေယျာလွင်က RFA ကိုပြောပါတယ်။
“မနေ့က လှုပ်ရှားမှုက 96 Soldiers-PDF (အညာဒေသတပ်ခွဲ) ရဲ့ပထမဆုံးတိုက်ပွဲလည်းဖြစ်ပါတယ်။ အဲဒီရွာက ပျူစောထီးတွေပဲ နေတာမဟုတ်ဘူး။ စစ်တပ်က တပ်ချပြီးနေတဲ့ ရွာလည်းဖြစ်တယ်။ မနေ့ကတိုက်ပွဲမှာ ပူးပေါင်းတိုက်ခိုက်တဲ့ တိုက်ပွဲဖြစ်တယ်။ စစ်ရေး နိုင်ငံရေး တိုးတက်ဖို့အတွက် တပ်ရင်း၊ တပ်ဖွဲ့အကုန်လုံးနဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။”
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့တာကို မြင်ခဲ့ရပြီး နယ်မြေခံတွေရဲ့ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်သား စုစုပေါင်းငါးဦး သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
အင်မထီးရွာဟာ စစ်ကောင်စီကို ထောက်ခံတဲ့ ပျူစောထီးတွေအဖွဲ့ဝင်တွေ အများဆုံးရှိတဲ့ရွာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စစ်သင်တန်းပေးတာနဲ့ လက်နက်ထောက်ပံ့ပေးထားတဲ့ ရွာဖြစ်ပါတယ်။