ဖားကန့်က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းကို KIA မီးရှို့ဖျက်ဆီးခဲ့

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့ ပြည်သူ့စစ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဒီကနေ့ မနက်ပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီစခန်းနှစ်ခုထဲက ပြည်သူ့စစ်စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို အတည်ပြု ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ ပြည်သူ့စစ်စခန်းဟာ စစ်ကောင်စီလက်ဝယ်ခံ ဦးမင်းဇင်သန့် ဦးဆောင်တဲ့ စံပြပြည်သူ့စစ်စခန်းဖြစ်ပြီး၊ စစ်တပ်ကအာဏာသိမ်းပြီးနောက် ရှဒူးဇွပ်ဒေသမှာ နယ်မြေစိုးမိုးနိုင်ရေး ကြိုးစားနေတဲ့အဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။

"စံပြစခန်းတော့ ပစ်လိုက်နိုင်တယ်လို့ပြောတယ် နေရာတွေလည်း မီးရှို့လိုက်တယ်လို့ ပြောလာတယ်။ အခြားတစ်နေရာမှာက ပစ်တာပေါ့။ အခြားသတင်း အတိအကျတော့ မရောက်လာသေးဘူး"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

KIA မီးရှို့ဖျက်ဆီးလိုက်တဲ့ ပြည်သူ့စစ်စခန်းဟာ အဲဒီဒေသနေ ပြည်သူတွေဆီကနေ အခွန်အခ မတန်တဆ ကောက်ခံတဲ့အပြင်၊ အစစ် အဆေးကြမ်းတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် ရှဒူးဇွပ်ကျေးရွာ အခြေချထားတဲ့ စစ်ကောင်စီတပ် ခလရ(၂၉၇)ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း အဲဒီဒေသခံကပြောပါတယ်။

"၃ နာရီလောက်ကနေ စပစ်တာ ၆ နာရီလောက်ကျတော့ ကေအိုင်အေတွေပြန်သွားပြီ။ KIA ဘက်က အင်အား ၁၀၀ ကျော်လောက်လာပစ်တာ။ လက်နက်ကြီးတွေလည်းပစ်ကြတော့ ကျနော်တို့ရွာက ကျောင်းမှာလည်းထိတယ် ဒီနေ့ကျောင်းတောင် မဖွင့်ဘဲ ပိတ်ထားတယ်"

အခုမနက်တိုက်ပွဲမှာ KIA ဘက်က တစ်ယောက်သေဆုံးပြီး တစ်ယောက်ဒဏ်ရာရရှိခဲ့သလို ပြည်သူ့စစ်တွေဘက်ကလည်း ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်ကလည်း KIA တပ်ရင်း ၁၄ နယ်မြေ ချောင်းဆုံရွှေမှော်အနီးရှိ KIA တပ်စခန်းကို ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် KIA စစ်သားနှစ်ယောက် သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

၂၀၂၁ မေလတုန်းကလည်း ရှဒူးဇွပ် ကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့် နေအိမ်ကို KIA ကသွားရောက်တိုက်ခိုက်ခဲ့ချိန်ကလည်း KIA စစ်သား ၄ ဦးသေဆုံးခဲ့ပြီး လက်နက်တွေလည်း ပြည်သူ့စစ်အဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာလည်း စစ်ကောင်စီတပ်၊ရှမ်းနီတပ်နဲ့ KIAနဲ့PDF ပူးပေါင်းတပ်တွေကြား ဩဂုတ်လ ၈ ရက်နေ့ ၉ ရက်နေ့တွေမှာ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ် ၄၀၀ ကျော်မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။