ဒုက္ခသည်တွေတင်ပြချက် အစိုးရနဲ့ ဆွေးနွေးမယ်လို့ ကုလမဟာမင်းကြီးပြော

0:00 / 0:00

ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေ လုံခြုံတဲ့ အမိုးအကာရရှိရေးကိစ္စ အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ အပြည့်အဝ ရရှိရေးအတွက် ရခိုင်ပြည်နယ်အတွင်းက အရပ်ဖက်အဖွဲ့တွေနဲ့ ဒုက္ခသည်တွေရဲ့ တင်ပြချက်ကို မြန်မာအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi က သူရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ပြောခဲ့ပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ဟာ သူရဲ့ နှစ်ရက်ကြာ ရခိုင်ပြည်ခရီးစဉ်အတွင်း ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေမြို့ တွေကို သွားရောက်ပြီး နှစ်ဖက်အဖွဲ့အစည်းက ဒုက္ခသည်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ အရပ်ဖက်အဖွဲ့တွေကို တွေ့ဆုံခဲ့ပါတယ်။

သူရဲ့ ရခိုင်ပြည်နယ်ခရီးစဉ် ပထမနေ့မှာ ဘူးသီးတောင်နဲ့ မောင်တောမြို့ပေါ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး ဒီနေ့မှာတော့ စစ်တွေမြို့ပေါ်မှာ ပြည်နယ်အစိုးရအဖဲ့ွ၊ အရပ်ဖက်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

သူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကိစ္စအပါအဝင် စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေတွေကို သိရှိလိုတာကြောင့် ရခိုင်ပြည်နယ်ကို လာရောက်တာလို့ သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ UNHCR တို့ကြား သဘောတူ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရှေ့ဆက်လုပ်ဆောင်သင့်တဲ့ အခြေအနေတွေအပေါ် လေ့လာလိုတာလည်း ပါဝင်တယ်လို့ ပြည်တွင်းက အရပ်ဖက်အဖွဲ့တွေနဲ့ တွေ့ဆုံရာမှာ သူက ပြောခဲ့ ပါတယ်။

ဒီနေ့ စစ်တွေမြို့က UNHCR ရုံးမှာ အရပ်ဖက်အဖွဲ့တွေနဲ့ တွေ့ဆုံရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ တိုင်းရင်းသားတွေအပေါ် ကူညီမှုအားနည်းတာတွေကို တင်ပြခဲ့တယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး ဥက္ကဋ္ဌ ဦးရွှေဖော်စိန် ကပြောပါတယ်။

"ရေဘေးလည်း တစ်ခါဖြစ်ဖူးတယ်။ သူတို့ရဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုက အားနည်းချက်တွေရှိနေတယ်။ နောက်တစ်ချက်က ဒီ ဘင်္ဂလီ မွတ်စလင်တွေရဲ့ အကြမ်းဖက် တိုက်ခိုက် တဲ့အချိန်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှု တွေဟာ တိုင်းရင်းသားတွေအပေါ်မှာ လျစ်လျူရှုထားတယ်ဆိုတာ မြင်တယ်ဆိုတဲ့ အကြောင်းတွေကို ကျနော်တင်ပြတယ်။ ကျနော်တို့ ဆွေးနွေးချက်ကို အကုန်လုံးမှတ်ထားပါတယ်တဲ့။ အကောင်းဆုံးဖြစ်အောင် ဆွေးနွေးတိုင်ပင်ညှိနှိုင်းနေပါတယ် ပြောတယ်။ မွတ်စလင်အရေးတွေကို မဆောင်ရွက်နဲ့လို့ တားဆီးတာမဟုတ်ပါဘူး။ ဒေသခံတွေရဲ့ အရေးကျတော့ မဆောင်ရွက်တဲ့အပေါ် ကျနော်တို့က ထောက်ပြတာပဲ ဖြစ်ပါတယ်"

ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးက သူရဲ့ ခရီးစဉ်အတွင်း နိုင်ငံရေးပိုင်းဆိုင်ရာ တင်ပြတာ တွေရှိပြီး သူ့အနေနဲ့ နိုင်ငံရေးကို ကိုယ်စားမပြုဘဲ လူသားချင်းဆိုင်ရာစာနာမှုတွေကိုပဲ လုပ်ဆောင် နိုင်မှာဖြစ်တယ်လို့ မနေ့က ဘူးသီးတောင်မြို့နယ်၊ ရန်အောင်မြေကျောင်းမှာ ဒုက္ခသည် ၅၀၀ ခန့်နဲ့ တွေ့ဆုံရာမှာ ပြောခဲ့ပါတယ်။

ဘူးသီးတောင်မြို့ပေါ်က ရန်အောင်မြေကျောင်းမှာ ပြီးခဲ့တဲ့ မတ်လလောက်ကစပြီး ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေက သူတို့ရဲ့ ရွာတွေကို ပြန်လိုကြောင်းနဲ့ မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်ပေးဖို့ တင်ပြကြတာတွေရှိတယ်လို့ ကျောင်းထိုင်ဆရာတော် ဦးဣန္ဒဝံသ က မိန့်ပါတယ်။

"ကိုယ့်ရပ်ကိုယ့်ရွာတွေကို အမြန်ပြန်ချင်တယ်သူတို့က ပြီးလို့ရှိရင် ရွာထဲမှာ ကြွင်းကျန်ခဲ့တဲ့ ဗုံးသီးတွေ၊ ဗုံးဆံတွေပေါ့ အဲဒါတွေကို ဖယ်ရှားပေးစေချင်တယ် ရွာထဲမှာ တော်တော်အန္တရာယ်များလို့ အဲဘက်ရွာ တွေမှာက ခဏခဏ ကလေးတွေ ဗုံးသီးတွေကို ဆော့လို့ ပေါက်ကွဲပြီး သေသွားတာတွေလည်း ရှိတယ်။ ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်။ အဲ့ဒါကြောင့် အစိုးရကပဲ ဖြစ်ဖြစ် တာဝန်ရှိသူတွေ၊ စစ်တပ်က ပဲဖြစ်ဖြစ် ဘယ်ကပဲဖြစ်ဖြစ် ဖယ်ရှားပေးစေလိုတယ်။ အဲလိုတောင်းဆိုမှုတွေရှိတယ်"

ဒုက္ခသည်တွေ၊ အရပ်ဖက်အဖွဲ့တွေရဲ့ တင်ပြချက်တွေကို မြန်မာအစိုးရနဲ့ ညှိနှိုင်းပေးမှာ ဖြစ်သလို ကုလသမဂ္ဂကိုလည်း တင်ပြမှာ ဖြစ်တယ်လို့ မဟာမင်းကြီးက ပြောခဲ့ပါတယ်။

မနေ့က မွတ်စလင်တွေ နေထိုင်ကြတဲ့ ပန်းတောပြင်ကျေးရွာကိုလည်း မဟာမင်းကြီး Mr. Filippo Grandi သွားရောက်ခဲ့ပြီး ရွာသား အယောက် ၅၀ နဲ့ တွေ့ဆုံခဲ့ပါတယ်။

ပန်းတောပြင်ကျေးရွာအုပ်ချုပ်ရေးမှုး ဦးအဏ္ဏဝါက ရွာသားတွေက စားရေးသောက်ရေး အဆင်မပြေတဲ့ အခြေအနေတွေကို တင်ပြခဲ့တယ်လို့ ပြောပါတယ်။

"ပန်းတောပြင်က ရွာသားအယောက် ၅၀ နဲ့တွေ့တယ်။ စာရေးသောက်ရေးကလည်း အဆင်မပြေဘူး။ အဲ့ဒါပဲ။ UNHCR က လုပ်ငန်းတွေ လုပ်ပေးမလို့ဆိုပြီး ကျနော်တို့ တာတမံဆည်ဖို့ ကိစ္စရှိတယ်။ အဲ့ဒါကို သွားကြည့်တယ်။ စာသင်ကျောင်းတစ်ခု ပြုပြင်မွမ်းမံပေးမို့ဆိုပြီး အဲ့ဒါက အရင်လာကြည့်သွားတာလည်း ရှိပါတယ်"

အရပ်ဖက်အဖွဲ့တွေနဲ့ ဒုက္ခသည်တွေ တင်ပြတဲ့အထဲမှာ စစ်ဘေးဒုက္ခသည်တွေကို နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အလွယ်တကူသွားလာနိုင်ရေး မြန်မာအစိုးရနဲ့ဆွေးနွေးဖို့ ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

"ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခကြုံတွေ့နေရတဲ့ လူတွေအတွက် နိုင်ငံတကာရဲ့ အကူအညီတွေ ပံ့ပိုးပေးဖို့အတွက် စိန်ခေါ်မှုတွေ၊ အဟန့်အတားတွေ ရှိနေတယ်။ အစိုးရက သွားလာပြီးတော့ အကောင်အထည်ဖော်ဖို့ ခွင့်မပြုတဲ့ အကြောင်းတွေကို ကျနော်တို့က ထောက်ပြတာပေါ့။ အစိုးရနဲ့တွေ့တဲ့အခါ သွားလာခွင့်ပြုအောင် တင်ပြဖို့လိုတယ်။ စစ်ဘေးဒုက္ခသည်တွေ မိုးရာသီ ရောက်တော့မှာ ဖြစ်လို့ သူတို့ရဲ့ နေထိုင်မှုတွေကို ကူညီဖို့လိုတယ်ဆိုတာ တင်ပြပါတယ်"

ဒါကတော့ ဒီနေ့ Mr.Filippo Grandi နဲ့တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ခိုင်ကောင်းစံ ပြောသွားတာပါ။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာ ရေးဝန်ကြီး ဦးဝင်းမြင့်က အခုလို ပြောပါတယ်။

"သွားလာရတာ အဆင်ပြေတယ်။ မောင်တောဘက်လည်း သွားခဲ့တယ်။ နှစ်ဖက်အဖွဲ့အစည်းတွေ ပုံမှန်နေထိုင်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ထားချက် ဒါတွေလည်း သူဆွေးနွေးသွားတဲ့ အထဲမှာ ပါပါတယ်။ ဝန်ကြီးချုပ်က ပြန်လည်လက်ခံနိုင်ရေးအတွက် အစီအမံတွေ အဆင်သင့်လုပ်ထားတယ်။ ဒီမှာကျန်ရှိနေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ NVC ကတ်ကို ယူဖို့ပေါ့နော်။ NVC ကတ်ယူခြင်းအားဖြင့် အခွင့်အလမ်းတွေရှိတယ်လို့ အဲဒါတွေကို ရှင်းပြပါတယ်"

မွတ်စလင် ဒုက္ခသည်တွေနဲ့ တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေအနေနဲ့ မြန်မာပြည်ကို ပြန်လာနိုင်တဲ့ အခြေအနေရှိလားဆိုတဲ့ မေးခွန်းမျိုးတွေကို ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးက မေးမြန်းခဲ့တာတွေ ရှိပါတယ်။

ဒုက္ခသည်တချို့ကတော့ မြန်မာအစိုးရက ခေါ်ရင် ပြန်လာနိုင်ကြောင်း ဖြေခဲ့ပါတယ်။

သူဟာ ရခိုင်ပြည်နယ်ခရီးစဉ်အပြီး မနက်ဖြန် နေပြည်တော်မှာ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဆက်လက် တွေ့ဆုံသွားဖို့ ရှိနေပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။