တပ်မတော်ရေယာဉ်ပေါ်နှိပ်စက်ခံရသူ ငါးဦး ကို အကြမ်းဖက်ဥပဒေနဲ့ တပ်မတော်အမှုဖွင့်


2020.05.27

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ တပ်မတော်ရေယာဉ်ပေါ်မှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ အရပ်သား ငါးဦးကို စစ်တွေခရိုင် တရားရုံးမှာ တပ်မတော်က မေလ ၂၂ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် တရားစွဲတင်လိုက်ပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ မိသားစုဝင်တွေနဲ့ အမှုကိုလိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေတွေက RFA ကိုဒီနေ့ ပြောဆိုပါတယ်။

တပ်မတော်ဗိုလ်ကြီးတစ်ဦးက တရားလိုလုပ်ပြီး တရားစွဲတင်လိုက်တာလို့ အမှုကိုလိုက်ပါ ဆောင်ရွက်နေတဲ့ စစ်တွေမြို့နယ် ဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောပါတယ်။

“မေလ ၂၂ ရက်နေ့က တရားစွဲတယ်။ အဲဒီနေ့မှာပဲ ကျွန်တော်တို့က ရှေ့နေပါဝါတင်ပါတယ်။ ရှေ့နေ ကိုယ်စားလှယ်လွှဲစာပေါ့။ တရားခွင်ကတော့ ဒုတိယခရိုင်တရားရုံး အမှတ်(၂) မှာပါ။ အမှုနံပါတ်ကတော့ ရာကြီးမှုအမှတ်-၂၉/၂၀၂၀ ။ ပုဒ်မကတော့ အကြမ်းဖက်ဥပဒေပုဒ်မ - ၅၀(ည)နဲ့ ၅၂(က)ပါ။ တရားလိုကတော့ ဗိုလ်ကြီး တင့်နိုင်ထွန်းနဲ့ တရားခံကတော့ မျိုးလင်းဦး၊ ညီညီအောင်၊ ဌေးဝင်း၊ ကျော်ဝင်းအေး၊ မင်းစိုး တို့ ငါးဦးကို တရားခံအနေနဲ့ စွဲတင်ပါတယ်”

တရားရုံးထုတ်အပြီး စစ်တွေအကျဉ်းထောင်အချုပ်ကို ချက်ချင်းပို့ဆောင်လိုက်တယ်လို့လည်း သိရပါတယ်။

ဒီအမှုမှာ တရားခံပြေး ခုနှစ်ဦးအထိ စာရင်းမှာပါနေပြီး လာမယ့် ဇွန်လ ၅ ရက်နေ့ တရားရုံးချိန်မှာ တရားခံပြေး အတည်ပြုမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာထဲကို လက်နက်ကြီးတွေ ကျရောက် ပေါက်ကွဲလို့ အရပ်သား ရှစ်ဦးသေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အဲဒီနောက် ဧပြီလ ၁၉ ရက်နေ့မှာ ကျောက်ဆိပ်ကျေးရွာက လူ ၃၈ ဦးကို တပ်မတော်ကဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့မှာတော့ အဲဒီအထဲက လူပေါင်း ၃၃ ဦးကိုပြန်လွှတ်ပေးခဲ့ပေမယ့် ငါးဦးကို ဆက်လက်ထိန်းသိမ်း ထားခဲ့တာဖြစ်ပါတယ်။

တရားစွဲဆိုခံရသူ ငါးဦးထဲက ဦးမင်းစိုးရဲ့ ညီဖြစ်သူ ကိုစိုးဝင်းက တပ်မတော်က စတင်ဖမ်းဆီးပြီး ပုဏ္ဏားကျွန်း ရဲစခန်းမှာ အပ်နှံခဲ့စဉ်ကတည်းက အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံထားရတာလို့ပြောပါတယ်။

“စစ်တပ်ကအပ်လာလို့ ပုဏ္ဏားကျွန်းရဲစခန်းကို ရောက်တာနဲ့ အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်တယ်လို့ သိရပါတယ်။ ပုဏ္ဏားကျွန်းစခန်းမှာ လေးရက်လောက်ထားပြီးမှ တပ်မတော်ရေယာဉ်နဲ့ခေါ်သွားတာ။ အဲဒီ အတောအတွင်းမှာ မိသားစုတွေနဲ့ တွေ့ခွင့်ကိုမရဘူး။ စစ်တွေမှာ ဆယ်ရက်လောက်ကြာတယ်။ ပြီးမှ မေလ ၇ ရက်နေ့မှာ ပုဏ္ဏားကျွန်းရဲစခန်းကို ပြန်ရောက်တယ်။ ပုဏ္ဏားကျွန်းရဲစခန်းကိုရောက်တော့မှ မိသားစုတွေ တွေ့ခွင့်ရတာ”

ဖမ်းဆီးခံထားရသူ ငါးဦးကို စစ်တွေမြို့မရဲစခန်းကို တပ်မတော်ရေယာဉ်နဲ့ပို့ဆောင်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ညှဉ်းပမ်းနှိပ်စက်နေတဲ့ ရုပ်သံ ဗီဒီယိုဖိုင်တစ်ခုဟာ မေလ ၁၀ ရက်နေ့မနက်ပိုင်းက လှုမှုကွန်ယက် စာမျက်နှာ ပေါ်မှာ ပျံ့နှံ့လာခဲ့တာပါ။

ဒီရုပ်သံဗီဒီယိုနဲ့ပတ်သက်လို့  RFA က သတင်းထုတ်လွှင့်ခဲ့ပြီးနောက် မေလ ၁၂ ရက်နေ့မှာတော့ ဥပဒေနဲ့မညီဘဲ စစ်ဆေးမေးမြန်းနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အရေးယူမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ကလည်း ဒီကိစ္စကို အလေးထားပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မေလ ၂၂ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရားစွဲဆိုခံရသူ ငါးဦးထဲက တစ်ဦးဖြစ်တဲ့ ကိုညီညီအောင်ရဲ့ ဦးလေးဖြစ်သူ ဦးစိုးသိန်းမောင်က တပ်မတော်အနေနဲ့ ပြစ်မှုကျူးလွန်ပြီးမှ အရေးယူတာထက် ပြည်သူလူထုအပေါ် ကြိုတင်ကာကွယ်မှုတွေကိုသာ လုပ်သင့်တယ်လို့ ပြောပါတယ်။

“တကယ်တမ်း ခံစားခဲ့ရတဲ့လူတွေကတော့ ခံစားခဲ့ပြီးပြီလေ။ အခုတပ်မတော်က စစ်ဥပဒေနဲ့ အရေးယူမယ် ဆိုတာကလည်း ကျွန်တော်တို့ကို သဘောကျလား၊ ကျေနပ်လားလို့မေးလာရင် ကျေနပ်စရာမရှိဘူး။ ဘာလို့ကျေနပ်စရာမရှိဘူးလဲဆိုလို့ရှိရင် ကလေးတွေက နာပြီးပြီလေဗျာ။ ဒီကိစ္စ ကျူးလွန်ခဲ့တဲ့လူတွေကို အရေးယူပေမယ့် ဒါကပြီးသွားမှာ မဟုတ်ဘူး။ အခုဖြစ်ခဲ့တာတွေက ဖြစ်သွားပြီးပြီ။ ဒီလို နောက်ထပ် မဖြစ်ရအောင် ဘယ်လိုကာကွယ်ပေးမလဲ။ မဖြစ်ခင်ကတည်းက ကာကွယ်နိုင်အောင်အတွက် ဥပဒေတွေ၊ ကာကွယ်ပေးနိုင်တဲ့လူတွေ အဓိကလိုတယ်ဗျ။ ဖြစ်ပြီးမှ အရေးယူတာကတော့ မကောင်းဘူးပေါ့ဗျာ”

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဟာ ရခိုင်မြောက်ပိုင်းမှာ အေအေနဲ့ဆက်နွယ်တယ်လို့ သံသယရှိသူတွေကို အဓိကအရေးယူနေတဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။

တပ်မတော်ရေယာဉ်ပေါ်မှာ ညှဉ်းပမ်းနှိပ်စက်ခံရသူ ငါးဦးကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်လိုက်တာနဲ့ ပတ်သက်လို့ သူတို့ဟာ အေအေအဖွဲ့နဲ့ ပတ်သက်သူတွေလားဆိုတာကို ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကို RFA ကမေးမြန်းရာမှာ ….. အင်တာနက်ပေါ်မှာ ပျံ့နှံံ့နေတဲ့ ရွာသား ငါးယောက်ကို မြန်မာစစ်တပ်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲတာဟာ  အကြမ်းဖက်ခံရတဲ့သူကို အကြမ်းဖက်တဲ့သူက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲတာဟာမြန်မာနိုင်ငံရဲ့ တရားရေးစနစ်ဟာ ဘယ်လောက်အထိ တရားမဲ့နေတယ် ဆိုတာကို ဖော်ပြနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

တပ်မတော်ရေယာဉ်ပေါ်မှာ ညှဉ်းပန်းနှိပ်စက်ခံရသူတွေကို အကြမ်းဖက်ဥပဒေနဲ့ တပ်မတော်က အမှုဖွင့် တရားစွဲဆိုတာနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့  အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို ဒီနေ့မှာ တယ်လီဖုန်းက တဆင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ဒီ ငါးဦးကို ရေယာဉ်ပေါ်မှာ ဥပဒေနဲ့မညီဘဲ ရိုက်နှက်စစ်ဆေးခဲ့တာနဲ့ပတ်သက်လို့ ပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေကို ကာကွယ်ရေးဦးစီးချုပ်အမိန့်နဲ့ အရေးယူသွားမှာဖြစ်ကြောင်း၊ တပ်မတော်အနေနဲ့ AA အဖွဲ့နဲ့ ပတ်သက်မှုရှိတယ်လို့ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးတာတွေရှိကြောင်း၊ တပ်မတော်အနေနဲ့ ခေါ်ယူမေးမြန်း တာတွေမှာ တရားဥပဒေဘောင်ကျော်လွန်ပြီး နှိပ်စက်တာတွေရှိရင် စုံစမ်းဖော်ထုတ် အရေးယူသွားမှာဖြစ်ကြောင်း၊ ရခိုင်လူမျိုးတွေကို လူမျိုးရေးအရ ပစ်မှတ်ထား ပစ်ခတ်သတ်ဖြတ်တာမျိုးလည်း မရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မကြာခင်ရက်ပိုင်းက ပြောကြားခဲ့ဖူးပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေတို့ စစ်ရေးပြင်းထန်နေတာနဲ့အမျှ အရပ်သားတွေ ဖမ်းဆီးခံရတာ၊ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေလည်း တစ်နေ့ထက်တစ်နေ့ပိုများလာနေပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေ အခုနှစ် မတ်လ ၂၀ ရက်နေ့အထိ ရခိုင်ပြည်နယ်က မြို့နယ် ၁၃ ခုမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ အရေးယူထားတဲ့အမှုပေါင်း ၁၀၀ ကျော်ရှိတယ်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းက မေလ ၂၀ ရက်နေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြောဆို ထားပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အခုနှစ် ဇန်နဝါရီလကနေ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၁၅၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း ၃၅၀ အထိရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။