ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ငါးဦး လူသတ်မှုနဲ့ စွဲချက်တင်ခံရ

ထိုင်းနိုင်ငံ ဆွန်ခလခရိုင်မှာ မြန်မာနိုင်ငံသားတစ်ဦးကို သတ်မှုနဲ့ တရားဝင်စာရွက်စာတမ်း မရှိသူ မြန်မာသုံးဦးကို ဖမ်းထားပြီး ဒီလူသတ်မှုမှာပါဝင်တဲ့ ကျန်နှစ်ဦးကိုလည်း ရှာဖွေနေ ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံသားတစ်ဦးကို သတ်ပြီးတဲ့နောက် မြေမြှုပ်ထားလိုက်တယ် လို့ ထိုင်းရဲတပ်ဖွဲ့က ပြောတဲ့အကြောင်း ဒီကနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

သတ်ဖြတ်သူတွေ ထွက်ဆိုချက်အရ အသတ်ခံရသူ အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား ဟာ သူတို့ဆီက ငွေညှစ်တဲ့အပြင် သူတို့အဖွဲ့ထဲက အမျိုးသမီးတစ်ဦးကို သူနဲ့အတူထွက် ပြေးဖို့ ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ဆွန်ခလခရိုင်က အိမ်တစ်လုံးမှာ ပုန်းအောင်းနေတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ရာကနေ လူသတ်မှုမှာ မြန်မာနိုင်ငံသား ရှစ်ဦး ပါဝင်ပတ်သက်နေတာကို သိခဲ့ရတာလို့ ခရိုင်ရဲမှူးကြီးက ပြောပါ တယ်။

သစ်ကိုင်းခုတ်တဲ့ အလုပ်လုပ်ကိုင်သူ အဲဒီ မြန်မာနိုင်ငံသား ရှစ်ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက် နေ့က ဖမ်းခဲ့ပြီး သူတို့ရဲ့ မျက်မြင်ထွက်ဆိုချက်တွေအရ လူသတ်မှုကျူးလွန်သူ မြန်မာနိုင်ငံ သား သုံးဦးကို တရားရုံးတင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းထားသူ သုံးဦးနဲ့ ရှာဖွေနေ ဆဲ နောက်နှစ်ဦးကို လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ အရေးယူထားတယ်လို့ ရဲမှူးက သတင်းထောက်တွေကို ပြောပါတယ်။

အသတ်ခံရသူရဲ့ အလောင်းကိုလည်း ပြန်လည်တူးဖော်ခဲ့ပြီး သူစီးလာတဲ့ဆိုင်ကယ်ကိုလည်း ရေကန်ထဲက ပြန်လည်ရရှိခဲ့တယ်လို့လည်း ရဲမှူးက ပြောပါတယ်။

စွဲချက်တင်ခံရသူ သုံးဦးရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ အဲဒီနေရာကို လူသတ်မှုမဖြစ်ခင် တစ်ရက်အလို မေလ ၃၁ ရက်နေ့ကမှ ရောက်လာတာဖြစ်ပြီး မလေးရှားနိုင်ငံကိုဆက် သွားဖို့ စောင့်ဆိုင်းနေစဥ် ခုလိုဖြစ်ပျက်ခဲ့တာလို့ ဆိုပါတယ်။