စစ်ကောင်စီက သဘာဝဘေးကို အသုံးချပြီး အကျိုးစီးပွားရှာနိုင်ကြောင်း NUG ဝန်ကြီးချုပ်ပြော
2024.09.20
စစ်တပ်အလိုကျရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို နာဂစ်ကြောင့် တစ်နိုင်ငံလုံး ထိခိုက်ဝမ်းနည်းနေချိန်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တာဖြစ်လို့ စစ်ကောင်စီဟာ အခုအချိန်မှာလည်း သဘာဝဘေးကို အကြောင်းပြပြီး သူတို့ အကျိုးစီးပွားဖြစ်အောင် လုပ်လာနိုင်တယ်လို့ NUG က ပြောလိုက်ပါတယ်။
"စစ်ရှုံးနေတဲ့ စစ်အုပ်စုဟာ ဒီလို သဘာဝဘေးအန္တရာယ်ကို သူတို့ အကျိုးစီးပွားများအတွက် မဖြစ်မနေ အသုံးချပါလိမ့်မယ်" လို့ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပြောလာတာပါ။
ရာဂီမုန်တိုင်းဘေးကို အကြောင်းပြုပြီး နိုင်ငံတကာတရားဝင်မှုကို မဖြစ်မနေ ကြိုးပမ်းလာနိုင်သလို ရေဘေးကြောင့် ဒုက္ခခံစားနေရတဲ့ ပြည်သူတွေ စိတ်ပျက်အားလျော့ပြီး တော်လှန်ရေးမှာ မပါဝင်ချင်အောင် ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။
NUG ရဲ့ စာရင်းတွေအရ ရာဂီမုန်တိုင်းကြောင်း အိုးအိမ်ပျက်စီးမှု သိန်းဂဏန်းနီးပါး၊ ရေဘေးရှောင်စွန့်ခွာရသူ သုံးသိန်းခန့်နဲ့ အသက်ဆုံးရှုံးရသူ ရာနှင့်ချီ ရှိနေပြီလို့ သူက ပြောပါတယ်။
NUG ဘက်က ပြည်သူ့ထည့်ဝင်ငွေတွေနဲ့ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့နေရာတွေသာမက စိုးမိုးနယ်မြေမဟုတ်တဲ့ ဒေသတွေမှာပါ တတ်နိုင်သမျှ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ ပြောထားပါတယ်။
ရေဘေးကြုံနေရချိန်မှာတောင် စစ်ကောင်စီက ရှမ်းပြည်နယ်အတွင်းက နောင်ချို၊ လားရှိုးနဲ့ ကရင်ပြည်နယ်က မြဝတီမြို့နယ်တွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး စာသင်ကျောင်း၊ ဓမ္မာရုံနဲ့ လူနေရပ်ကွက်တွေကစလို့ UN ရုံးပါမချန် ဗုံးကြဲနေတယ်လို့ NUG ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။
ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကိုရဖို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။