ညောင်ဦးနဲ့ ပခုက္ကူမှာ ရေကြီးရေလျှံနေ
2024.07.11
မန္တလေးတိုင်း၊ ညောင်ဦးမြို့နဲ့ မကွေးတိုင်း ပခုက္ကူမြို့တွေမှာ ဇူလိုင်လ ၁၀ ရက်နေ့ညက ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း ဧရာ၀တီမြစ်ရေဟာ ပခုက္ကူမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် နှစ်ပေနီးပါး၊ ညောင်ဦးမြို့နယ် စိုးရိမ်ရေမှတ်အထက် သုံးပေနီးပါးအထိ မြင့်တက်နေပြီး နောက်ရက်တွေမှာ ဆက်လက်မြင့်တက်လာမယ်လို့ ဇူလိုင်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လက်ရှိမှာ ညောင်ဦး-ပုဂံမြို့ဟောင်းလမ်းပေါ်မှာရှိတဲ့ ဝက်ကြီးအင်းချောင်း ရေလျှံနေတာကြောင့် သွားလာလို့မရတော့ဘဲ ဆိုင်ကယ်နဲ့ ကားတွေ လှေနဲ့တစ်ဆင့် ကူးနေရတယ်လို့ ညောင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။
"မနေ့ညကမှ စကြီးတာ တော်တော်များတယ်။ တစ်ခါမှ အဲလောက်တောင် မတက်ဖူးဘူး။ မနေ့က ညနေက ကျွန်တော် ကားနဲ့ ချောင်းကို ဖြတ်မောင်းသေးတယ်။ အခုမနက် ဖြတ်လို့မရတော့ဘူး"
ညောင်ဦးမြို့ ရေဝင်ရပ်ကွက်နဲ့ ရဲစခန်းအထိ ရေတက်နေပြီး ဘုရားတွေထဲအထိတော့ ရေဝင်ရောက်တာ မရှိသေးဘူးလို့ ပြောပါတယ်။
ပခုက္ကူမြို့မှာလည်း မြို့ပေါ်အထိ ရေတက်နေသလို ရွာဘက်တွေမှာ ရေနစ်မြုပ်မှုတွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။
"အခု မတရားကို ကြီးနေတာ။ ကျွန်တော်တို့လည်း ကယ်ဆယ်ရေးတွေ ထွက်နေကြတယ်။ ကျွန်တော် အခု မော်တော်ဘုတ်တွေနဲ့ ပတ်ကြည့်နေတယ်။ ရွာဘက်တွေက အိမ်တွေမြုပ်သွားတာ ရှိတယ်လေ"
ပခုက္ကူ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ကမ္မ၊ ရွှေချောင်းနဲ့ လယ်ယာရပ်ကွက်တွေထဲအထိ ရေဝင်နေသလို ဈေးအနီးမှာလည်း နေအိမ်တွေထဲအထိ ရေဝင်ရောက်နေတယ်လို့ ဆိုပါတယ်။
ရေးကြီးရေလျှံမှုကြောင့် ပခုက္ကူတံတားအောက်က ရွာပေါင်း ၁၅ ရွာခန့်လည်း အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းနဲ့ မကွေးတိုင်း ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။
စစ်ကိုင်း၊ မန္တလေးနဲ့ ကချင်ပြည်နယ်က မြို့ပေါင်း ၁၆ မြို့မှာ စိုးရိမ်ရေမှတ်ကျော်နေပြီး မြို့တချို့မှာလည်း မြစ်ရေတွေ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။