ရှမ်းပြည်နယ် တာချီလိတ်နဲ့ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်မှာရေကြီးရေလျှံ
2024.08.18
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်မှာ မိုးသည်းထန်တဲ့အပြင် မြန်မာဘက်ခြမ်း ရှမ်းပြည်နယ်က ရေတွေပါ စီးဆင်းလာတဲ့အတွက် နှစ်နိုင်ငံနယ်စပ်က မယ်ဆိုင်ချောင်းရေလျှံပြီး စနေညမှာ ချင်းရိုင်က ဈေးရေဖုံးလွှမ်းသွားတယ်လို့ ဘန်ကောက်ပို့စ် သတင်းက သြဂုတ် ၁၈ ရက်က ဖော်ပြပါတယ်။
ထိုင်းဘက်မှာ မိုးသည်းနေတဲ့ကြား ရှမ်းပြည်နယ်ရေဝေရေလဲ ဒေသက ရေတွေပါ စီးဝင်လာတဲ့အတွက် မယ်ဆိုင်ချောင်းရေကြီးရပါတယ်။ မယ်ဆိုင်ချောင်း တစ်ဖက်ကမ်း ရှမ်းပြည်နယ် တာချီလိတ်မှာလည်း စနေညက ရေလွှမ်းမိုးသွားပါတယ်။
နှစ်နိုင်ငံနယ်စပ်ပိုင်းခြားထားတဲ့ မယ်ဆိုင်ချောင်းရေလျှံတဲ့အတွက် ဆိုင်လုမ်းဂွိုင် Sai Lom Joy ဈေးဟာ ဒီနှစ်ထဲ စတုတ္ထအကြိမ် (ဒါမှမဟုတ်) သီတင်းတစ်ပတ်တည်း တတိယအကြိမ်အဖြစ် ရေကြီးရပါတယ်။
ချင်းရိုင်က အိမ်အလုံး ၂၀၀၀ လောက် ရေဘေးသင့်ရတယ်လို့လည်း ဒေသန္တာရ သဘာဝဘေး ကာကွယ်ရေးနဲ့ လျော့ပါးရေးဌာနက ပြောပါတယ်။