ရန်ကုန်မိုးပျံလမ်း ၃နှစ်အတွင်း အပြီးဆောက်မည်


2018.07.30
pyithu-hluttaw-622.jpg ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
.

ရန်ကုန်မိုးပျံလမ်းစီမံကိန်းကို ၂ဝ၁၉ ခုနှစ်ကစပြီး ၃ နှစ်အတွင်း အပြီးတည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

ကျောက်တံတားမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်က ရန်ကုန်မြို့မှာ ကားကျပ်တည်း မှုလျော့အောင် Inner Ring Road ဆောင်ရွက်မှုကို မေးမြန်းတာမှာ ဒုတိယဝန်ကြီး ဦးကျော်လင်းက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားကုမ္ပဏီတွေဟာ Inner Ring Road အသုံးပြုခကောက်ခံပြီး ငွေပြန်လည်ရှာဖွေရ မှာဖြစ်ပေမယ့် နှစ်ဘယ်လောက်ကြာကြာ ကောက်ခံခွင့်ပြုမယ်ဆိုတာ ထည့်သွင်းမပြောခဲ့ပါဘူး။

အဲဒီစီမံကိန်းအတွက် ပြည်တွင်းကုမ္ပဏီ ၁၆ ခု အပါအဝင် ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ တူရကီနိုင်ငံတွေက ကုမ္ပဏီပေါင်း ၅၃ ခုဟာ စိတ်ဝင်စားမှုဖော်ပြခြင်း EOI တင်ပြထားတယ်လို့ ပြောပါတယ်။

အရှည် ၄၇ ကီလိုမီတာရှိမယ့် အဲဒီမိုးပျံလမ်းဟာ ဗိုလ်တထောင်ဘုရားလမ်းနဲ့ ကမ်းနားလမ်းကစတင်မှာဖြစ်ပြီး ဗိုလ်တထောင်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာ၊ ခရေပင်၊ အောက်မင်္ဂလာဒုံလမ်း၊ ဘုရင့်နောင်၊ ကြည့်မြင့်တိုင်လမ်းတွေကိုဖြတ်ပြီး ပန်းလှိုင်လမ်းထောင့်မှာ အဆုံးသတ်မယ်လို့သိရပါတယ်။

အဲဒီမိုးပျံလမ်းစီမံကိန်းပြီးစီးရင် ရန်ကုန်မြို့ရဲ့ လမ်းကျပ်တည်းမှုတွေကို ၂ဝ၂၂ ခုနှစ်လောက်မှာ အတိုင်းအတာ တခုအထိ ဖြေရှင်းပေးနိုင်မယ်လို့ မေးခွန်းမေးမြန်းတဲ့ ဦးနေမျိုးထက်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။