မိုးပျံရထားလမ်း အစီအစဉ်
2017.02.16

ရန်ကုန်မြို့မှာ မိုးပျံရထားလမ်းဆောက်လုပ်ဖို့ အစီအစဉ်ရှိကြောင်း ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။
ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ မြေအောက်ရထာလမ်းတွေ ဖောက်လုပ်ဖို့ ရှိ မရှိ သတင်းထောက်တွေ က မေးမြန်းရာမှာ ရန်ကုန်မြို့တွင်း တောင်နဲ့မြောက် မင်္ဂလာဒုံ လေဆိပ်အထိ မိုးပျံရထား လမ်းဖောက်လုပ်ဖို့ အစီအစဉ်ကို ဂျပန်နိုင်ငံက တာဝန်ရှိသူတွေနဲ့ မတ်လမှာ ဆွေးနွေးသွားဖို့ရှိကြောင်း ဝန်ကြီး ဦးသန့်စင်မောင် က ပြောဆိုသွားတာပါ။
"မြေအောက်ရထားတို့ မိုးပျံရထားတို့ မိုးပျံက ဘယ်မှာစဉ်းစားရမလဲဆိုရင် ရန်ကုန်မှာ စဉ်းစားရမယ်၊ အဲဒီအတွက် ကျနော်တို့ ဂျပန်ကဝန်ကြီးနဲ့ ကျနော်နဲ့ တိုင်ပင်ထားတာရှိတယ်"
ဒါ့အပြင် မြန်မာနိုင်ငံမှာ မြေအောက်ရထားလမ်း ဖောက်လုပ်ဖို့ဆိုတာ တိုင်းပြည်နဲ့ ဘတ်ဂျက်နဲ့ မဖြစ် နိုင်သေးကြောင်းနဲ့ ရန်ကုန်-မန္တလေးမီးရထားလမ်း၊ မန္တလေး-မြစ်ကြီးနားမီးရထားလမ်း၊ ရန်ကုန်-ပြည် မီးရထားလမ်း၊ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းကို ၅ နှစ်သက်တမ်းအတွင်း အဆင့်မြှင့် ပြင်ဆင် သွားမှာဖြစ်ကြောင်းလည်း ဦးသန့်စင်မောင်က ပြောဆိုသွားပါတယ်။