ရန်ကုန်မြို့က အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Foodpanda မြန်မာအနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို အပြည့်အဝ မပေးတဲ့ အတွက် ပို့ဆောင်ရေးဝန်ထမ်းတွေက ဇွန်လ ၆ ရက် ဒီနေ့ကစပြီး အလုပ်မဆင်းဘဲ သပိတ်မှောက်နေကြပါတယ်။
အနည်းဆုံးပို့ဆောင်ခ ကျပ် ၆၇၀ ရရှိရေးနဲ့ တစ်ပတ်မှာ အလုပ်နားရက် တစ်ရက် ရရှိရေးအပါအဝင် တောင်းဆိုချက် ရှစ်ချက်ကို အစားအသောက်ပို့ဆောင်ရေး ဝန်ထမ်းတွေက တောင်းဆိုထားပြီး ကုမ္ပဏီဘက်က ညှိနှိုင်းမှုမရှိရင် ဆက်လက် သပိတ်မှောက်သွားမယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
"ရုံးက မညှိနှိုင်းမချင်း၊ စားသုံးသူတွေရဲ့ ထောက်ခံမှု ရနေသရွေ့ လုပ်သွားမှာပါ။ အရင်တုန်းကတော့ ပို့ဆောင်ခ ၁၈၀၀ ကျပ်အထိ ရရှိခဲ့ဖူးပါတယ်။ ၂၀၂၁ နောက်ပိုင်းမှာ ပိုဆိုးလာပါတယ်။ အရှေ့မှာ ဆွေးနွေးညှိနှိုင်းမှု မလုပ်ခင်အထိဆို ၄၂၀ ကျပ်လို့ သိရပါတယ်။ ဆွေးနွေးပြီးတဲ့အခါ ၅၈၀ ကျပ်ရမယ်လို့ ကတိပြုခဲ့ပေမယ့် လက်တွေ့မှာ လျော့ကျမှုတွေ အများကြီးရှိနေပါတယ်"
ဝန်ထမ်းတွေရဲ့ တောင်းဆိုချက်တွေထဲမှာ ပို့ဆောင်ရေးဝန်ထမ်းတွေကို ကွန်ပျူတာ ဆော့ဖ်ဝဲကတစ်ဆင့် တင်းကျပ်တဲ့စည်းကမ်းနဲ့ ထိန်းချုပ်နေတာတွေ လျှော့ချဖို့၊ အလုပ်ချိန် အတွင်း ထိခိုက်မှုအပေါ် ကုမ္ပဏီက တာဝန်ယူပေးဖို့၊ ပို့ဆောင်ရမယ့် ခရီးလမ်းကို ဂူဂဲမြေပုံ ပေါ် အခြေခံတွက်ချက်ပေးဖို့၊ ကုမ္ပဏီဘက်က အပြောင်းအလဲ တစ်စုံတစ်ရာ ရှိခဲ့ရင် တစ်ပတ်ကြိုတင်ပြီး တရားဝင်အသိပေးဖို့၊ ပို့ဆောင်ရေးဝန်ထမ်းတွေ တစ်စုံတစ်ရာ အရေးကြုံလာရင် တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်ထားပေးဖို့နဲ့ သက်သေခံကတ် ထုတ်ပေးဖို့ စတာတွေ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကလည်း ပို့ဆောင်ရေးဝန်ထမ်းတွေဘက်က တောင်းဆိုချက် ခုနစ်ချက်နဲ့ သပိတ်မှောက်ခဲ့ရာမှာ ကုမ္ပဏီနဲ့ ညှိနှိုင်းမှုလုပ်ခဲ့ပေမယ့် လက်တွေ့ အကောင်အထည်ဖော်တာ မရှိခဲ့ဘူးလို့ ပို့ဆောင်ရေးဝန်ထမ်းတွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ Foodpanda ကုမ္ပဏီမှာ လုပ်ဆောင်နေတဲ့ ပို့ဆောင်ရေးဝန်ထမ်း ၇၀၀၀ ကျော်ရှိပြီး အဲဒီအထဲက ထက်ဝက်ကျော်ခန့် ဒီနေ့စတင်တဲ့ သပိတ်တောင်းဆိုမှုမှာ ပါဝင် နေကြတယ်လို့လည်း ဆိုပါတယ်။
ဝန်ထမ်းတွေရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်လို့ Foodpanda ကုမ္ပဏီကို RFA က ဆက်သွယ် မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။
စင်ကာပူနိုင်ငံအခြေစိုက် Foodpanda ကုမ္ပဏီဟာ မြန်မာအပါအဝင် အာရှနိုင်ငံ ၁၂ နိုင်ငံ က မြို့ပေါင်း ၄၀၀ ကျော်မှာ ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။