မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွား ဝင်ရောက်မှုဟာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကနေ သြဂုတ်လ ၁၄ ရက် မနေ့ကထိ လေးလအတွင်း နှစ်သောင်းကျော် ရှိတယ်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ဟိုတယ်နဲ့ ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
လေးလအတွင်း မြန်မာနိုင်ငံကို ဗီဇာအမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့ နိုင်ငံခြားခရီးသွား ၂၃,၆၉၅ ဦးရှိပြီး အဲဒီအထဲမှာ အလည်အပတ်ဗီဇာနဲ့ ဝင်ရောက်သူ ၃၁၈၆ ဦး၊ စီးပွားရေးလုပ်ငန်းဗီဇာနဲ့ ဝင်ရောက်သူ ၁၃,၁၂၁ ဦးနဲ့ ကျန်တဲ့ နိုင်ငံခြားသားတွေကတော့ အခြားဗီဇာအသီးသီးနဲ့ ဝင်ရောက် လာတာလို့ ဆိုပါတယ်။
လေကြောင်းခရီးစဉ်တွေ ပြန်များလာလို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု များလာပေမယ့် အပန်းဖြေ ခရီးသွားထက် စီးပွားရေးကိစ္စက ပိုများနေတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က RFA ကို ပြောပါတယ်။
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အပန်းဖြေခရီးသွားက တော်တော်နည်းနေသေးတယ်။ မရှိသေးဘူးပေါ့နော်။ တချို့ နည်းနည်းပါးပါး ရန်ကုန်မြို့ကို ဝင်ရောက်လာတာတွေရှိတယ်။ နီးနီးနားနားပေါ့။ ဗိုလ်တထောင်ဘုရားတို့၊ အဝေးဆုံး ကျိုက်ထီရိုးဘုရားလောက် သွားတာတွေပေါ့”
နိုင်ငံခြားခရီးသွား ဝင်ရောက်မှုကို အခုနှစ် မတ်လမှာ ပြန်လည်ခွင့်ပြုခဲ့ပြီးနောက် နိုင်ငံပေါင်း ၆၄ နိုင်ငံက ခရီးသွားအချို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ဒီအထဲမှာ တရုတ်နိုင်ငံက အများဆုံးနဲ့ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေ ကတော့ ဒုတိယနဲ့ တတိယနေရာမှာ ရှိတယ်လို့ စစ်ကောင်စီရဲ့ ရန်ကုန် တိုင်း ဟိုတယ်နဲ့ ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်တပ်က အာဏာမသိမ်းခင် ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွား ဝင်ရောက်မှု ၄ ဒသမ ၈ သန်းကျော်အထိ ရှိခဲ့ပါတယ်။