ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်း (Vicky Bowman) နဲ့ ခင်ပွန်းဖြစ်သူ ပန်းချီဆရာ ဦးထိန်လင်းတို့ကို ဩဂုတ်လ ၂၆ ရက် ဒီနေ့မနက်က အင်းစိန်အကျဉ်းထောင်ကနေ စမ်းချောင်းနဲ့ ကြည့်မြင်တိုင်ရဲစခန်းတွေကို ပြန်လည်ပို့ဆောင်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မစ္စဗစ်ကီဘိုးမန်း (Vicky Bowman) ကို စမ်းချောင်းရဲစခန်းနဲ့ ပန်းချီဆရာ ဦးထိန်လင်းကို ကြည့်မြင်တိုင်ရဲစခန်းကို ပို့ဆောင်လိုက်တာဖြစ်ပြီး စစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ တရားစွဲတင်ဖို့ ပြင်ဆင်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"အင်းစိန်ထောင်ကနေ ဒီမနက် ရဲစခန်းတွေကို ပြန်ပို့လိုက်ပြီလို့ သိရတယ်။ အမှုစွဲတင် မယ်၊ တရားစွဲတင်ဖို့ လုပ်နေပြီပေ့ါ။ ရဲစခန်းအချုပ်တွေမှာ ထား ထားတယ်။ မနေ့က ချုပ်ရက်ရမန် နှစ်ပတ်ယူထားတယ်။ လာမယ့် စက်တင်ဘာလ ပထမတစ်ပတ် ရုံးထုတ် မယ်လို့ သိထားတယ်။ ဒီမနက်လည်း ရဲစခန်းအချုပ်တွေကို လိုတာလေးတွေ ပို့ပေးနိုင်ဖို့ မိသားစုတွေ စီစဉ်နေတယ်။ ခွင့်တောင်းနေကြတယ်"
ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီဆရာ ဦးထိန်လင်းတို့ဟာ ဩဂုတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီက ရန်ကုန်မြို့က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဩဂုတ်လ ၂၅ ရက်နေ့ နေ့လယ်မှာ အင်းစိန်ထောင် ကို ပို့ဆောင်ခံခဲ့ရတာပါ။
စစ်ကောင်စီကတော့ မစ္စဗစ်ကီဘိုးမန်းဟာ (Vicky Bowman) ဟာ ခွင့်ပြုထားတဲ့လိပ်စာ မှာ မနေဘဲ တခြားနေရာ မှာ နေထိုင်နေတာကို သတင်းပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများမှတ်ပုံတင်ရေး ဥပဒေပုဒ်မ - ၅(၁)၊ ၁၉၄၇ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ - ၁၃ (၁) ဗီဇာ စည်းကမ်းဖောက်ဖျက်မှု စတဲ့ ပုဒ်မ နှစ်ခုနဲ့ အရေးယူထားသလို ခင်ပွန်းဖြစ်သူ အိမ်ရှင် ဦးထိန်လင်း ကိုတော့ နိုင်ငံခြားသားကို မိမိနေအိမ်မှာ တည်းခိုနေထိုင်တာကို သတင်း မပို့လို့ဆိုပြီး ၁၉၄၇ မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ - ၁၃ (၅) နဲ့ တရားစွဲဆိုအရေးယူထားတာလို့ ဩဂုတ်လ ၂၅ ရက် မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၉၄၇ မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ - ၁၃ (၁) ရဲ့ အမြင့်ဆုံးပြစ်ဒဏ်ဟာ ထောင်ဒဏ် နှစ်နှစ်၊ ပုဒ်မ - ၁၃ (၅) ရဲ့ အမြင့်ဆုံးပြစ်ဒဏ်ဟာ ထောင်ဒဏ် ငါးနှစ်လို့ ဖော်ပြထားပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ ဗြိတိန်နိုင်ငံသူတစ်ဦးကို ဖမ်း ဆီးထားတာကို သူတို့အနေနဲ့ စိုးရိမ်ပူပန်နေသလို ဒေသအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး အကူအညီပေးနိုင်ဖို့ ဆောင်ရွက်နေကြောင်း RFA ကို မနေ့က ပြောဆိုပါတယ်။