တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ၆မိုင်စံပြကျေးရွာမှာ နေအိမ်တစ်ခုရဲ့ အိမ်သာ ထဲမှာ အရပ်သားလို့ယူဆရတဲ့ ရုပ်အလောင်း လေးခု စုပြုံမြှုပ်နှံထားတာကို ဇူလိုင်လ ၁၀ ရက်နေ့က ဒေသခံ တွေက တွေ့ရှိခဲ့ကြတာပါ။
အဲဒီ ရုပ်အလောင်း လေးခုဟာ အရပ်သားအဝတ်တွေ ဝတ်ဆင်ထားသူတွေ ဖြစ်တယ်လို့ ၆မိုင်စံပြကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
“အနံ့ထွက်တော့ လိုက်ရှာတာလေ အဲမှာတွေ့သွားတာပေါ့။ အိမ်သာကျင်းဟောင်း ထဲမှာလေ။ လေးယောက်လောက် အဲလိုခန့်မှန်းတယ်။ အိမ်ပိုင်ရှင်ကလည်း မရှိဘူးလေ။ ထွက်ပြေးနေကြပေါ့။ ဘယ်သူဘယ်သူမှန်းလည်း မသိရဘူး။ ပုပ်သိုးကုန်ပြီ အရိုးတွေပဲကျန်တယ်။ အပုပ်နံ့တွေထွက်တယ်။ အဲလိုမျိုးပေ့ါ။ အရပ်သားဖြစ်ဖို့များ တယ်။ အရပ်သားဝတ်စုံနဲ့ပဲ”
ရုပ်အလောင်းတွေ တွေ့ရှိရတဲ့ အိမ်ဟာ စစ်ဘေးကြောင့် တစ်အိမ်လုံး ထွက်ပြေးတိမ်းရှောင် နေရတာကြောင့် လူမရှိတဲ့ နေအိမ်ဖြစ်ပါတယ်။
အဲဒီရုပ်အလောင်းတွေဟာ ပုပ်ပွနေတာကြောင့် ဘယ်သူ ဘယ်ဝါဆိုတာကို မသိရပေမယ့် ဒေသခံတွေက အဲဒီနေ့မှာ မီးသင်္ဂြိုဟ် ပေးလိုက်ကြတယ်လို့ အဲဒီကျေးရွာသားက ပြောပါတယ်။
၆မိုင်စံပြကျေးရွာမှာတော့ စစ်ကောင်စီတပ်တွေက နေအိမ်အချို့မှာ ဒီနေ့အထိ တပ်စွဲထားတာ ရှိနေသေးတယ် လို့လည်း ဒေသခံက ပြောပါတယ်။
ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ နောက်ပိုင်းကစလို့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တစ်လနီးပါးအကြာ ဇွန်လ ၁၅ ရက်နေ့မှာတော့ ပြည်သူ့ကာကွယ်ရေး တပ်တွေက ဘာသာရေးအဖွဲ့တွေ၊ ရပ်မိရပ်ဖတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညှိနှိုင်းပေးမှု ကြောင့် ယာယီ အပစ်ရပ်ထားခဲ့ကြတာပါ။
တိုက်ပွဲတွေ ရပ်တန့်နေချိန်အတွင်း ကျေးရွာသားတွေ နေရပ်ပြန်လာတဲ့အခါမှာ နေအိမ်အချို့မှာ စစ်ကောင်စီ တပ်သားတွေရဲ့ ရုပ်အလောင်းတွေရော အရပ်သားတွေရဲ့ ရုပ်အလောင်းတွေကိုပါ မြှုပ်နှံထားတာ တွေ့ခဲ့ ကြရတယ်လို့ ဒီးမော့ဆိုမြို့က လုံခြုံရေးအရ ဘွဲ့အမည်မဖော်လိုတဲ့ ကက်သလစ်ဘုန်းတော်ကြီး တစ်ပါးက RFA ကို မိန့်ပါတယ်။
“ရောနှောနေတာပေါ့နော်။ အများဆုံးကတော့ အရပ်သားတွေက တော်တော်လေးကိုများတဲ့ သဘောမှာ ရှိတယ်။ ကျန်ခဲ့တဲ့ ဟာတွေလည်းရှိတယ်။ ခြောက်မိုင်ဂိတ်ဆိုရင် လမ်းဘေးမှာပဲ နှစ်ကိုယ်တစ်ပိုင်း ကျန်ခဲ့တာတွေ ရှိတာကိုး။ တခြားနေရာတွေမှာဆိုရင် ဟိုဘတ်ရွာဆိုရင် ခြောက်မိုင်ရဲ့အနောက်ဖက် လယ်ကွင်းမှာပဲ ပြီးခဲ့တဲ့အပတ်က ပုပ်ပွ ပြီးတော့မှ ဖြစ်နေတဲ့ အလောင်းနှစ်လောင်လည်း တွေ့သေး တာကိုး။ ဆိုတော့ ကျွန်တော်တို့ မတွေ့နိုင်တဲ့ နေရာတွေလည်း အတော်လေးကိုများတဲ့ သဘောမှာ ရှိတယ်”
ကယားပြည်နယ်အတွင်းမှာ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပစ်ခတ်ဖြိုခွင်းခံရတဲ့ ဖြစ်စဉ်တွေနဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့ရသူဟာ ၇၀ ကျော်အထိရှိတယ်လို့ ဒေသတွင်း ဘာသာရေးအသင်းအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
တချို့ကို နာမည် လိပ်စာတွေ သိရပေမယ့် အလောင်းပဲ တွေ့ရတဲ့သူတွေကတော့ ဘယ်သူလဲဆိုတာ တိတိကျကျ သိဖို့ခက်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲ ဖြစ်ပြီးကတည်းက ကယားပြည်နယ်မှာ လူဦးရေ တစ်သိန်းကျော်အထိ စစ်ဘေးဒုက္ခသည် ဖြစ်ခဲ့ရသလို နေအိမ်တွေ၊ ဘုရားကျောင်းတွေလည်း ပျက်စီးခဲ့ရတာပါ။

စစ်ရှောင်တွေထဲက နေအိမ် မပျက်စီးသူတချို့ လွိုင်ကော်မြို့ပေါ်ကို ပြန်လာတာရှိပေမယ့် တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းက ရွာသားတွေ အများစုကတော့ နေရပ်ပြန်မလာနိုင်ကြသေးဘူးလို့ ဘုန်းတော်ကြီး တစ်ပါးက မိန့်ပါတယ်။
နေအိမ်မရှိလို့ မပြန်နိုင်သူတွေနဲ့ တိုက်ပွဲကြောင့် နေရပ်မပြန်လိုသေး သူတွေအတွက် လွိုင်ကော်မြို့က နေရာသုံးခုမှာ လတ်တလော နေထိုင်နိုင်ရေး စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။
ကယားပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေး တပ်တွေဘက်က တိုက်ပွဲတွေ ရပ်ထားပေမယ့် ဒီးမော့ဆိုမြို့နယ် အတွင်းမှာ စစ်ကောင်စီဘက်က စစ်ကြောင်းတွေ လှုပ်ရှားတာ ရှိနေဆဲပဲလို့ ပြည်သူ့ကာကွယ်ရေးတပ်မှာပါဝင် သူတစ်ဦးက RFA ကို ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ လွိုင်ကော်မြို့ ဒေါတဟေးကျေးရွာအနီးမှာ ကရင်နီ အမျိုးသားတပ်မတော် (KNPP) နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ကယားပြည်နယ်အခြေစိုက် သတင်းဌာနတွေမှာလည်း KNPP တပ်ဖွဲ့အမှတ်(၃) နယ်မြေထဲကို ဝင်ရောက် လာတဲ့ စစ်ကောင်စီတပ်နဲ့ အချိန် တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဖော်ပြကြပါတယ်။
"ဘယ်သူဘယ်သူမှန်းလည်း မသိရဘူး။ ပုပ်သိုးကုန်ပြီ အရိုးတွေပဲကျန်တယ်။ အပုပ်နံ့တွေထွက်တယ်။ အဲလိုမျိုးပေ့ါ။ အရပ်သားဖြစ်ဖို့များ တယ်။ အရပ်သားဝတ်စုံနဲ့ပဲ"
အခု လဆန်းပိုင်းကလည်း လွိုင်ကော်မြို့အတွင်းမှာ စစ်ကောင်စီနဲ့ KNPP တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး KNPP တပ်ဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်တာမှာ ဆက်သွယ်လို့ မရသေး ပါဘူး။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်လာခဲ့တဲ့ ကချင်ပြည်နယ်ဘက်မှာတော့ ဝိုင်းမော်မြို့နယ် အောင်မြေရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်စခန်းငယ် တစ်ခုကို ကချင်ပြည် လွတ်မြောက်ရေးတပ်မတော် (KIA) က ဇူလိုင်လ ၁၁ ရက် မနေ့ညက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲဟာ ည ၈ နာရီလောက်ကနေ ၉ နာရီကျော်လောက်အထိ ကြာမြင့်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ရဲ့ လက်နက်ငယ်အချို့ကို သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ နေရာအနီးကို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တာတွေ ကြားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲဒီတဲတွေက အကြီးမဟုတ်ဘူး၊ အသေးတွေပဲဗျ။ ကင်းပုန်းတဲတွေ သာသာလောက်ပါပဲ။ အကြီးတော့ မဟုတ်ဘူး။ အဲဒါကို သူတို့မီးရှို့တယ်၊ သေနတ်တွေလည်း ယူသွားတယ်ပေါ့။ အဲဒီအချိန်မှာ ဘယ်က ထုမှန်းမသိတဲ့ လက်နက်ကြီးတွေလည်း တော်တော်ထုတယ်။ အဲဒီအချိန်ကျမှ ကေအိုင်အေဘက်က ထင်တယ်။ ပြန်ထွက်သွားကြတယ်။ ဆိုင်ကယ်တွေကိုလည်း တစ်စီး နှစ်စီး ယူသွားကြတယ်လို့ ကြားတယ်။ အဲပြည်သူ့စစ်စခန်းမှာက လူကတော့ သိပ်မများဘူးဗျ။ လူသိပ်မရှိဘူး။ နည်းနည်းလေးပဲ ရှိတယ်”
အဲဒီ စစ်စခန်းငယ်မှာ လုံခြုံရေးအင်အား အနည်းငယ်လောက်သာ ရှိတဲ့စခန်းတစ်ခုလို့ သူကပြောပါတယ်။
မနေ့က တိုက်ခိုက်မှုဟာ အချိန် တစ်နာရီဝန်းကျင်လောက်ရှိခဲ့ပြီး ကင်းပုန်းဝပ်တဲ့ တဲငယ်အချို့ မီးရှို့ ဖျက်ဆီးခံရတာ ရှိပေမယ့် အကျအဆုံးနဲ့ ပတ်သက်လို့ သူ့အနေနဲ့ တိတိကျကျမသိရဘူးလို့လည်း အဲဒီ ဒေသခံက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဖုန်းဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတာ အချိန် ငါးလကျော်အထိ ကြာမြင့် လာပြီ ဖြစ်ပေမယ့် ဆန္ဒပြ ကန့်ကွက်မှုတွေက တစ်နိုင်ငံလုံး ဆက်လက်ရှိနေဆဲဖြစ်သလို တိုက်ပွဲတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။