မကွေးတိုင်း ပေါက်မြို့နယ် စန်းရေခုံရွာကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင် တွေ ဩဂုတ်လ ၅ ရက် မနေ့က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်လေးလုံး မီးလောင် ပျက်စီးခဲ့ပြီး ဒေသခံတစ်ရာကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ စန်းရေခုံရွာ ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့အတူ ကိုင်လယ်ရွာစခန်းက ရဲတွေအပြင် တပ်ကုန်းရွာက ပျူစောထီးအဖွဲ့ဝင်တွေ ရွာထဲဝင်ရောက် မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စန်းရေခုံရွာသားတစ်ဦးက ပြောပါတယ်။
"မနေ့တုန်းက ၁၁ နာရီလောက်ကပေါ့ လာကြတာ။ ဘုရားကုန်းမှာ သေနတ်တစ်ချက် ဖောက်တယ်။ ရွာအနောက်က ဝင်လာတာ။ အဲဒီမှာ ရွာထဲက တစ်အိမ်ကို PDF ထဲ လိုက်တယ်ဆိုပြီး ရှို့သွားတာပေါ့။ အိမ်နားက နှစ်အိမ် သုံးအိမ်ရော မီးကူးစက်လောင် သွားတယ်"
စန်းရေခုံရွာဟာ PDF တွေကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မီးရှို့သွားတာဖြစ်သလို ရွာထဲက ရှိသမျှ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေကိုလည်း ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရွာထဲကနေ ဖမ်းခေါ်သွားတဲ့ ဆိတ်နှစ်ကောင်နဲ့ နွားသုံးကောင်ကိုလည်း ပိုက်ဆံ တစ်သိန်းခွဲနဲ့ ပြန်ရွေးယူခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး ပါဘူး။
စန်းရေခုံရွာဟာ အိမ်ခြေ ၆၅ လုံးရှိပြီး စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ အခြေစိုက်နေထိုင်နေတဲ့ တပ်ကုန်းရွာအနားမှာရှိတာကြောင့် အဲဒီအဖွဲ့ဝင်တွေ ရွာကို မကြာခဏ ဝင်ရောက်နေလို့ ဒေသခံ တစ်ရာကျော်လောက်ဟာ ရွာထဲမနေရဲတော့ဘဲ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လပိုင်းကလည်း အဲဒီရွာက ဒေသခံ ၁၀ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။